စစ်အာဏာသိမ်းတာကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြတဲ့ နေပြည်တော်ပုဗ္ဗသီရိမြို့နယ်က ဒေသခံ ၁၀၀ ကျော်လောက်ထဲက အယောက် ၃၀ ကျော်ကို ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွဲပြီး ဖမ်းဆီးသွားပါတယ်။
ဖေဖော်ဝါရီ ၁၅ ရက်နေ့က ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၀န်ကြီးဌာနအနီးမှ ဆန္ဒပြနေစဉ် ဆန္ဒပြသူတွေစီးလာတဲ့ ဆိုင်ကယ်နဲ့ ကားတွေကို ရဲတပ်ဖွဲ့က ပိတ်ဆို့ထားလိုက်ပြီး လူစုခွဲပြီး ပြန်ဖို့ လာပြောခဲ့ပါတယ်။ ဆန္ဒပြသူတွေက သူတို့ရဲ့ ဆိုင်ကယ်နဲ့ ကားတွေကို ပြန်ပေးရင် လူစုခွဲပြီး ပြန်မယ်လို့ ပြောပေမယ့် နှစ်ဖက်အချေအတင် စကားများနေတုန်း ရဲတပ်ဖွဲ့က ရေပိုက်နဲ့ စထိုးပြီး ၀င်ရောက်ဖမ်းဆီးသွားတာဖြစ်တယ်လို့ ဆန္ဒပြပွဲမှာ ပါ၀င်ခဲ့တဲ့သူတစ်ဦးက ပြောပါတယ်။
ပုဗ္ဗသီရိမြို့နယ် ကျည်တောင်ကန်ကျေးရွာက ဦးဇော်ဦးက “ကျနော်တို့ကလည်း ကျနော်တို့ဟာတွေ (ဆိုင်ကယ်နဲ့ကား)ပြန်ပေး အဲလိုနဲ့ တစ်ဘက်နဲ့ တစ်ဘက် အချေအတင် ဖြစ်နေတာ။ အဲဒါနဲ့ ကျနော်တို့က အဲဒါဆိုထိုင်ပေးမယ်၊ ခင်ဗျားတို့ လုပ်ချင်ရာလုပ်တော့ ပြောတဲ့အချိန်မှာ သူတို့က ရေပိုက်နဲ့ စထိုးတယ်။ အဲလို ရေပိုက်ထိုးတာနဲ့ တပြိုင်တည်း ရဲတပ်ဖွဲ့က ဒိုင်းတွေနဲ့ ၀င်လာပြီး တစ်ခါတည်းဖမ်းတယ်။ ကျနော်တို့ ဆိုင်ကယ်တွေကိုလည်း ကရိန်းကားနဲ့ တင်တယ်။ အဲမှာ ရဲအရာရှိတစ်ယောက်က Live လွှင့်တာ ဓာတ်ပုံရိုက်တာ လုပ်ရင် ပစ်မယ်ပြောတယ် ”လို့ ပြောပါတယ်။
ဆန္ဒပြတာမှာ ပုဗ္ဗသီရိမြို့နယ်အတွင်း ကျေးရွာတွေက ပြည်သူ ၁၀၀ လောက်ပါဝင်ပြီး ဖမ်းဆီးခံရတာ ၃၀ ကျော်ရှိတယ်လို့ ပြောပါတယ်။
လက်ရှိအချိန်အထိ ဖမ်းဆီးသွားသူတွေ ပြန်လွတ်လာတာ မရှိသေးသလို ဘယ်မှာ ထားတယ်ဆိုတာလည်း အတိအကျမသိရသေးဘူးလို့ ဆိုပါတယ်။
ဆန္ဒပြတာမှာ ကိုယ်တိုင်လည်း ပါ၀င်ခဲ့သလို ဖမ်းဆီးခံရတဲ့အထဲမှာ အသက် ၇၀ ကျော်အရွယ် ဖခင်ဖြစ်သူ ပါသွားတဲ့ ကိုပြည့်ကျော်ဖြိုးက“ လက်ရှိကျနော့် အဖေအပါအ၀င် ဖမ်းဆီးခံရတဲ့သူတွေကို ငြိမ်းချမ်းစွာနဲ့ အမြန်ဆုံး အေးအေးဆေးဆေး ပြန်လွှတ်ပေးရေးပါပဲဗျ။ နောက်နောင်ကိုလည်း ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ လူထုကို အခုလို အကြမ်းဖက်ဖြိုခွင်းတာတွေ မဖြစ်ဖို့ပါပဲဗျ ” လို့ ပြောပါတယ်။
အခုလို ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်တာကို အကြမ်းဖက်ဖြိုခွင်းတဲ့အတွက် ကြောက်လန့်ပြီး ရပ်တန့်သွားမှာမဟုတ်ဘဲ ဆက်လက်ဆန္ဒပြသွားမယ်လို့ ကိုယ်တိုင်ပါ၀င်ခဲ့သူတစ်ဦးက ပြောပါတယ်။
“ပြည်သူတွေကို ဒါ မတရားနှိပ်စက်သလိုပဲ မြင်တယ်။ လွတ်လပ်စွာ ထုတ်ဖော်တယ်ဆိုတဲ့ ဆန္ဒကို ပိတ်ပင်တာပေါ့ ” လို့ ဆိုပါတယ်။
အာဏာသိမ်းစစ်အစိုးရကတော့ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတဲ့ နယ်မြေတွေမှာ ဥပဒေမဲ့ ဆူပူဆန္ဒပြသူတွေကို ဖမ်းဆီးပြီး လိုအပ်သလို ဆက်လက်ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
မနေ့လည်း နေပြည်တော်သပြေကုန်းအဝိုင်းအနီးမှာ ဆန္ဒပြကျောင်းသား ၄၀ လောက်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ၂၇ ယောက်ကို ပြန်လည်လွှတ်ပေးခဲ့ပါတယ်။
ဒါအပြင် မြို့မစျေးအနီးမှာ CDM လှုပ်ရှားနေတဲ့ သမဝါယမဦးစီးဌာနက အမျိုးသမီး ၇ ယောက်နဲ့ အမျိုးသား ၁ ယောက်တို့လည်း ဖမ်းဆီးခံရပြီး ပြန်လွှတ်ပေးခြင်းမရှိသေးပါဘူး။
နေဖြိုးဝင်း