မန္တလေးတိုင်း သာစည်မြို့ ပြည်သူ့ဆေးရုံမှာ ဖေဖော်ဝါရီ ၁၅ ရက်က ပြည်သူ့ဆေးရုံရှိ ကျန်းမာရေးဝန်ထမ်းအတော်များများ CDM လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်နေကြတာကြောင့် တပ်ဆရာဝန်နဲ့ တပ်လုံခြုံရေးတွေ ရောက်ရှိနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"အမိန့်အရ လာရတာပါတဲ့ ဆန္ဒပြလည်း ခံပါ့မယ်တဲ့။ ဆေးရုံကြီးပျက်စီးနေပြီ ဆိုပြီး သတင်းပေးလို့ လာခဲ့တာ၊ ဒီရောက်တော့ ဘာတစ်ခုမှ မပျက်စီးဘဲ အကောင်းအတိုင်း တွေ့ရတယ်ဆိုတာ ပြန်ပြောပြတယ်"လို့ ပြောပါတယ်။
သာစည်မြို့အတွက် သီးသန့်လုပ်ဆောင်ထားတဲ့ ဆိုရှယ်မီဒီယာတွေပေါ်မှာ ဘယ်သူဆင်တဲ့ အကွက်ထဲကိုမှ မဝင်မိစေဖို့ ငြိမ်းချမ်းစွာ အကြမ်းမဖက်တဲ့နည်းနဲ့ ကိုယ်လိုချင်တဲ့ ဆန္ဒ စစ်အာဏာရှင်ပြုတ်ကျပြီး ဒီမိုကရေစီရရှီရေးသာ အဓိက ကျတာမို့ ဒေါသမရှိကြဖို့ဆိုတဲ့ ပြည်သူအချင်းချင်း ထိန်းသိမ်းတဲ့ ပို့စ်တွေလည်းတင်ထားတာ တွေ့နေရပါတယ်။
သာစည်မြို့နယ်မှာ ဌာနဆိုင်ရာရုံးတွေ ၄၀ ကျော် ရှိပြီး ဝန်ထမ်း တဝက်ကျော်လောက် CDM လှုပ်ရှားမှုမှာ ပါဝင်လာကြပါတယ်။ ကျန်းမာရေးဝန်ထမ်း ၈၀ ကျော် CDM လှုပ်ရှားမှုမှာ ပါဝင်နေကြတယ်လို့ သိရပါတယ်။
သတင်း-ဓာတ်ပုံ-မောင်မောင်လင်း