ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့က CDM လှုပ်ရှားမှုမှာပါဝင်တဲ့ ဝန်ထမ်းတွေအနေနဲ့ အစိုးရဝန်ထမ်းအိမ်ရာတွေကနေ ဖေဖေါ်ဝါရီ ၁၅ ရက်က စတင်ပြီး တိမ်းရှောင်နေကြရပါတယ်။
အာဏာသိမ်းစစ်အစိုးရ ဆန့်ကျင်ကြောင်း အလုပ်မဆင်းပဲ သပိတ်မှောက်နေတဲ့ ဝန်ထမ်းတွေအနေနဲ့ CDM လှုပ်ရှားမှုမှာ တစတစ ပါဝင်လာပြီးနောက်မှာ ဝန်ထမ်းအိမ်ရာတွေကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းမယ့် သတင်းတွေကြားနေရတဲ့အတွက် တိမ်းရှောင်နေကြာင်း သိရပါတယ်။
“ဝန်ထမ်းအိမ်ရာတွေကို ဝင်ဖမ်းမယ်ကြားတဲ့အတွက် ညအိပ်ဖို့ အဆင်မပြေဘူး။ ဝန်ထမ်း လုပ်ပြီး ညဘက် ကျီးလန့်စာစား အိပ်ရမယ်လို့ တစ်ခါမှ မထင်ထားဘူး။ ဒီလိုအခြေအနေဆိုးက လွတ်မြောက်ဖို့ ဝန်ထမ်းတွေအနေနဲ့ CDM မှာ ပါဝင်ဖို့လည်း ဖိတ်ခေါ်ပါတယ်” လို့ CDM မှာ ပါဝင်ပြီး တိမ်းရှောင်နေသူ တစ်ဦးက ပြောပါတယ်။
စစ်အစိုးရအနေနဲ့ နိုင်ငံရေးခေါင်းဆောင်တွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်း လှုပ်ရှားတက်ကြွ သူတွေ၊ သတင်းသမားတွေနဲ့ CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့ နိုင်ငံ့ဝန်ထမ်းတွေကို ဖမ်းဆီးနေတာကို ပြတ်ပြတ်သားသား အတိအလင်း ကန့်ကွက်ရှုတ်ချကြောင်း မြန်မာနိုင်ငံဆိုင်ရာ ပြည်ပသံအမတ်ကြီးတွေက မနေ့ညက ပူးပေါင်းကြေညာထားပါတယ်။