ကရင်ပြည်နယ် ဘားအံမြို့မှာ စစ်အာဏာရှင်စနစ် ဆန်ကျင့်တဲ့ အင်အားသိန်းချီတဲ့ သပိတ်စစ်ကြောင်း ချီတက်ရာလမ်းကြောင်းတွေကို ဖေဖော်ဝါရီ ၁၄ ရက် မနက် ၉ နာရီခွဲလောက်မှာ ရဲအင်းအားသုံး ပိတ်ဆို့ခဲ့တဲ့အတွက် နာရီပိုင်းသာ ဆန္ဒထုတ်ဖော်ခဲ့ရပါတယ်။
၇ မြောက်ရက်နေ့ ဆန္ဒထုတ်ဖော်ပွဲစုရပ်ဖြစ်တဲ့ နာရီစင်ကနေ ဆန္ဒထုတ်ဖော်မယ့် လမ်းကြောင်းတလျှောက် ရဲတပ်ဖွဲ့ဝင်တွေက ပိတ်ဆို့ပြီး လုံခြုံရေးရယူထားတဲ့အတွက် ဆန္ဒထုတ်ဖော်တဲ့ သပိတ်စစ်ကြောင်းဟာ ထိပ်တိုက်တွေ့ဆုံမှုမပြုဘဲ နာရီပိုင်း ပဲလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ပြီး ငြိမ်းချမ်းစွာ ရုပ်သိမ်းခဲ့ပါတယ်။
ဆန္ဒထုတ်ဖော်ပွဲမှာ ပါဝင်ခဲ့သူတစ်ဦးက "ကျနော်တို့ သွားမယ့်လမ်းကြောင်း လေးခုလုံးကို လုံခြုံရေးယူပြီး ပိတ်ဆို့ထားတယ်။ ထိပ်တိုက်တွေ့ဆုံမှုကို ရှောင်လိုက်တယ်။ သူတို့ပိတ်တဲ့ဘက်ကို မသွားဘဲ သွားလို့ရတဲ့ လမ်းကြောင်းလောက်ပဲ လှည့်လည်ခဲ့တယ်။ လမ်းကြောင်းတိုတော့ နာရီပိုင်းလောက်ပဲ ဆန္ဒထုတ်ဖော်ခွင့်ရခဲ့တယ်" လို့ ပြောပါတယ်။
ဆန္ဒထုတ်ဖော်ပွဲမှာ ဌာနဆိုင်ရာတွေ၊ သူနာပြုသင်တန်းကျောင်း၊ လူငယ်အင်ဂျင်နီယာတွေနဲ့ အင်ဂျင်နီယာကျောင်းသား ကျောင်းသူတွေ၊ အလုပ်သမား၊ လယ်သမား၊ LGBT စတဲ့အလွှာပေါင်းစုံပါဝင်တဲ့ သပိတ်စစ်ကြောင်းဟာ နာရီစင်စုရပ်ကနေ ကြွေကြော်သံတွေနဲ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
ဆန္ဒထုတ်ဖော်ရာမှာ ဒီမိုကရေစီရရှိရေ၊ စစ်အာဏာရှင် အလိုမရွိ၊ အမေစုနဲ့ သမ္မတကြီး ချက်ချင်းလွတ်၊ အထိန်းသိမ်းခံ ခေါင်းဆောင်များ ချက်ချင်းလွှတ်၊ ဗိုလ်ချုပ်ပေးတဲ့စစ်ပညာ ပြည်သူတွေကို သတ်ဖို့ မဟုတ္ဘူး၊ ရုံးမတက်နဲ့ ရုန်းထွက်၊ ဖမ်းဆီးခံခေါင်းဆောင်တွေ ချက်ချင်းလွတ်စတဲ့ ကြွေးကြော်သံတွေနဲ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
ဆန္ဒထုတ်ဖော်တဲ့ သပိတ်စစ်ကြောင်းကို ခရီးသွားတွေ၊ မြို့ခံပြည်သူတွေက ကြိုဆိုအားပေးခဲ့ကြသလို့ ရေသန့်၊ အအေး၊ စားစရာတွေ လှုဒါန်းခဲ့ကြပါတယ်။