အစိုးရဝန်ထမ်းတွေ ရုံးမတက်တဲ့ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ဌာနဆိုင်ရာဝန်ထမ်း အတော်များများ ပါဝင်လာခဲ့ကြပြီး တချို့ဝန်ထမ်းတွေကို အရာရှိတွေက အရေးယူမယ်ဆိုပြီး ရုံးတွင်းစာထုတ်ကာ ဖိအားပေးလာတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဝန်ထမ်းတချို့က ပြောပါတယ်။
ရုံးတွင်းစာမှာတော့ နိုင်ငံ့ဝန်ထမ်းတွေဟာ CDM လှုပ်ရှားမှုမှာပါပြီး ဓာတ်ပုံရိုက်ကာ၊ လူမှုကွန်ရက်ပေါ်တင်တာ၊ အကြောင်းအမျိုးမျိုးပြပြီး လုပ်ငန်းခွင်လာဖို့ပျက်ကွက်တာ၊ လမ်းပေါ်ထွက် ဆန္ဒပြတဲ့ထဲ ရောနှောပါဝင်တာ စတဲ့ နိုင်ငံရေးလှုပ်ရှားတာတွေ တွေ့ရလို့ နိုင်ငံ့ဝန်ထမ်းတွေအနေနဲ့ နိုင်ငံ့ဝန်ထမ်းဥပဒေ နည်းဥပဒေတွေအတိုင်း တာဝန်ထမ်းဆောင်ဖို့ နိုင်ငံရေးလှုပ်ရှားတာတွေမှာ ပါဝင်မပတ်သက်ဖို့နဲ့ လုံလောက်တဲ့အကြောင်းပြချက်မရှိဘဲ တာဝန်ချိန်ပျက်ကွက်ရင် တည်ဆဲဥပဒေ နည်းဥပဒေတွေအတိုင်း အရေးယူခံရမယ်ဆိုပြီး ရုံးတွင်းစာနဲ့ အကြောင်းကြားဖို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအုပ်ချုပ်မှုရုံးက အကြောင်းကြားလာတယ်လို့ ဆိုပါတယ်။
CDM လှုပ်ရှားမှုမှာပါတဲ့ ဝန်ထမ်းတွေအနေနဲ့ ဒီလှုပ်ရှားမှုကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆိုထားပါတယ်။