စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့မှာ စစ်အာဏာသိမ်းမှုကိုတဲ့ ဆန္ဒပြပွဲမှာ သစ်တောဌာန၊ ဆရာ၊ဆရာမတွေ၊ ပုဂ္ဂလိကဘဏ်တွေ၊ လူမှုကူညီရေးအသင်းတွေနဲ့ LGBT တွေပါ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။
ကလေးမြို့မှာ စတုတ္ထနေ့အဖြစ် ဒီကနေ့ဆန္ဒပြရာမှာ ပြည်သူလူထုတစ်သိန်းကျော် ပါဝင်ခဲ့ပြီး ကလေးမြို့ ဘုရားကြီးလမ်း၊ ဘုရားသုံးဆူလမ်း၊ ကလေးဝလမ်း၊ ပင်လုံလမ်းမတော် စတဲ့ လမ်းမတွေမှာ လှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။
မနေ့က ဆန္ဒပြပွဲမှာတော့ ပညာရေးဌာနက ဆရာ၊ ဆရာမတွေဟာ ယူနီဖောင်းနဲ့ လိုက်ပါခဲ့ကြပေမယ့် ဒီနေ့တော့ အထက်က ဖိအားပေးလို့ ယူနီဖောင်းနဲ့မလိုက်တော့ဘဲ အရပ်ဝတ်နဲ့ လိုက်ခဲ့ကြတာပါ။
ဒီနေ့ဆန္ဒပြပွဲမစတင်မီကတည်းက ကလေးမြို့လယ်ခေါင် မီးပွိုင့်လမ်းဆုံ၊ ပင်လုံလမ်းမတော်နဲ့ ကလေးဝလမ်းဆုံရာထောင့်တို့မှာ ရဲတပ်ဖွဲ့နဲ့ တပ်မတော်က စစ်သည်အင်အားအများအပြား လုံခြုံရေးအပြည့်အဝချထားခဲ့တာကို တွေ့မြင်ခဲ့ရသလို လမ်းတချို့ကိုလည်း မနက်အစောပိုင်းမှာ ယာယီလမ်းပိတ်ခဲ့ပါသေးတယ်။ ဒါပေမဲ့ ဆန္ဒပြပွဲဟာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြီးဆုံးခဲ့ပါတယ်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံခေါင်းဆောင်တွေအားလုံး ချက်ချင်းပြန်လွှတ်ပေးရေး၊ ဒီမိုကရေစီအမြန်ရရှိရေး၊ စစ်အာဏာသိမ်းမှု အလိုမရှိ၊ ဗိုလ်ချုပ်ပေးတဲ့စစ်ပညာ ပြည်သူတွေကို သတ်ဖို့မဟုတ်ဘူး၊ ပြည်သူကို သတ်တဲ့ရဲ အလိုမရှိ-အလိုမရှိ၊ ပြည်သူတွေ ညီရဲ့လားဟေ့ ညီတယ်ဟေ့-ညီတယ်ဟေ့ စတာတွေ ဆန္ဒပြပြည်သူတွေက အော်ဟစ်ကြွေးကြော်ကာ ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။
သတင်း - ဆလိုင်းထန်ကျင့်ခွာ