ရခိုင်ပြည်နယ် သံတွဲမြို့မှာ စစ်အာဏာရှင်ကိုဆန့်ကျင် ဆန္ဒပြနေသူတွေကို လူစုခွဲတဲ့အခါ အသုံးပြုဖို့ မီးသတ်ကားတွေကို အဖြူရောင် စတစ်ကာတွေ ကပ်ထားပြီး ရေအမြောက်ကားပုံစံ ပြင်ဆင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သံတွဲမြို့ဟာ ခရိုင်မြို့ဖြစ်ပေမယ့် ရဲတပ်ဖွဲ့မှာတော့ ရေအမြောက်ကားမရှိတာကြောင့် မီးသတ်ကားကို ရေအမြောက်ကားပုံစံဖြစ်အောင် ခုလိုလုပ်တာလို့ ဒေသခံတွေက ပြောပါတယ်။
မနေ့က မီးသတ်ကားတစီးကို ကပ်ပြီးခဲ့ပြီး နောက်ကားတွေကို ဆက်ကပ်၊ မကပ်ကိုတော့ မသိဘူးလို့ သံတွဲမီးသတ်စခန်း တာဝန်ရှိသူတယောက်က ပြောပါတယ်။
အဖြူရောင် စတစ်ကာတွေ ကပ်ပြီးသွားတဲ့ ကားကို မီးသတ်စခန်းထဲမှာ ပလပ်စတစ်ကန်စနဲ့ကာထားပြီး ရှေ့မှာလည်း မီးသတ်ကားအနီရောင်နဲ့ ကွယ်ထားတယ်လို့ ဒေသခံတယောက်ကလည်း ပြောပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း သံတွဲမြို့နယ်မှာ လူထောင်ချီဆန့်ကျင်ဆန္ဒပြနေတာ ဒီနေ့ဆိုရင် ၃ ရက်ရှိပြီဖြစ်ပါတယ်။