Home
သတင်းဓာတ်ပုံ
စစ်အာဏာရှင်စနစ်အလိုမရှိကြောင်း ရန်ကုန်မြို့တွင် လူသိန်းနှင့်ချီ ဆန္ဒပြ
DVB
·
February 7, 2021

စစ်အာဏာရှင်စနစ်အလိုမရှိကြောင်း ရန်ကုန်မြို့မှာ လူသိန်းနဲ့ချီ ဒီနေ့မနက်ပိုင်းက စတင် ဆန္ဒပြခဲ့ကြပါတယ်။ 

ရန်ကုန်တိုင်း လှည်းတန်း၊ ရွှေဂုံတိုင် စတဲ့ စုရပ်အသီးသီးက ဆန္ဒပြစစ်ကြောင်းတွေဟာ ဆူးလေကို ချီတက်ကြတာ ဖြစ်ပြီး အခုနေ့လယ်ပိုင်းမှာတော့ ဆူးလေမှာ လူ ၁ သိန်းကျော်လောက် ရှိနိုင်တယ်လို့ အဲဒီကို ရောက်နေသူတယောက်က ပြောပါတယ်။

ဆူးလေမှာ ရဲအများအပြား လုံခြုံရေးယူထားပြီး အခု နေ့လယ် ၂ နာရီအထိတော့ အကြမ်းဖက် ဖြိုခွင်းတာ မရှိသေးပါဘူး။ ရဲအင်အား ၁၀၀ ကျော်လောက်ရှိနိုင်ပြီး မြို့တော်ခန်းမရှေ့ပတ်လည်ကို ပိတ်ဆို့ထားပြီး ဝင်ခွင့်မပေးပါဘူး။ 

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်လည်း ဆန္ဒပြသူပွဲကို လာရောက်ခဲ့ပြီး အားပေးခဲ့ကြပါတယ်။ သူက "ဒီနေ့ စကားပြောဖို့ အစီအစဉ် မရှိသေးပါဘူး၊ နေရာအနှံ့မှာ ကျနော်ရှိနေမှာပါ။" လို့ ပြောပါတယ်။

ဆန္ဒပြစစ်ကြောင်းတွေ လာရာလမ်းတလျှောက်မှာ ဝန်းရံအားပေးသူတွေက လက်ခုပ်တီးတာ၊ လက်သုံးချောင်းထောင်တာနဲ့ ကားတွေက ဟွန်းတီးအားပေးခဲ့ကြပါတယ်။‌

ရန်ကုန်တိုင်း၊ သာကေတမြို့မှာလည်း ဒီမနက်က လူရ ၂၀၀၀ ဝန်းကျင်  စီတန်းလှည့်လည် ဆန္ဒပြခဲ့ကြတယ်။

အင်းစိန်မြို့နယ်မှာလည်း ဒီနေ့မနက်ပိုင်းက အင်းစိန်ဈေးရှေ့ကနေစတင်ပြီး အင်အား လူ ၈၀၀ လောက်ဟာ ကမာရွတ်မြို့နယ် လှည်းတန်းကို ဦးတည်ချီတက်ပြီး ဆန္ဒပြခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် ချက်ခြင်းလွှတ် စတဲ့ကြွေးကြော်သံတွေနဲ့  မြို့တပတ်လှည့်လည်ဆန္ဒပြပြီး ငြိမ်းချမ်းစွာ လူစုခွဲခဲ့ကြပါတယ်။

တနင်္သာရီတိုင်း ထားဝယ်မှာလည်း လူထောင်ချီ ဆန္ဒပြခဲ့သလို ပဲခူးမြို့မှာလည်း လူထုသောင်းဂဏန်းလောက်ဟာ ဒီနေ့မနက် ၁၀ နာရီ ၁၅ မိနစ်ကစတင်ပြီး ရွှေမော်ဓောဘုရားကနေ မြို့ထဲကို စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပဲခူးမြို့မှာ ရဲတပ်ဖွဲ့တွေက တပ်ဝင်ပေါက်နဲ့ ဗိုလ်ချုပ်ကြေးရုပ်နေရာကို ပိတ်ထားတယ်။ လူထုက ပိုပိုများလာနေတယ်လို့ အခင်းဖြစ်နေရာ ရောက်နေတဲ့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ 

ဧရာဝတီတိုင်း ကြံခင်းမှာလည်း နေ့လယ် ၁ နာရီ စတင်ဆန္ဒပြခဲ့ကြပြီး လူအင်အား သုံးသောင်းကျော် ရှိမယ်လို့ ဒေသခံက ပြောပါတယ်။

မန္တလေးမှာ ကျုံးပတ်လည်ကို ရဲတွေ ပိတ်ဆို့ထားပြီး လမ်းလျှောက်ဆန္ဒပြသူတွေ၊ ဆိုင်ကယ်၊ ကားတွေနဲ့ မြို့တွင်းလှည့်လည်ဆန္ဒပြသူတွေ ထောင်သောင်းချီ ရှိပါတယ်။

စစ်အာဏာရှင်အလိုမရှိကြောင်း ငြိမ်းချမ်းစွာ စီးတန်းလှည့်လည် ဆန္ဒပြပွဲတွေကို နိုင်ငံတဝန်းမြို့နယ်အတော်များများမှာ မနေ့ကစပြီး ဆန္ဒပြနေနေကြတာဖြစ်ပြီး ဒီနေ့မှာ ပိုးများတာလည်း ဖြစ်ပါတယ်။

နိုင်ငံတဝန်း သံပုံးတီး လှုပ်ရှားမှုကိုလည်း ည ၈ နာရီ ပြုလုပ်ရာကနေ ဒီနေ့ကစပြီး မနက် ၈ နာရီ၊ မွန်းလွဲ ၂ နာရီနဲ့ ည ၈ နာရီ သုံးကြိမ် ပြုလုပ်ကြဖို့ နှိုးဆော်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024