ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်ပြည်သူ့ဆေးရုံက ကျန်းမာရေးဝန်ထမ်းတွေဟာ စစ်တပ်က နိုင်ငံတော်အာဏာ သိမ်းယူခဲ့တာကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ ဒီကနေ့ ဒီနေ့မနက်ပိုင်းက ဖဲကြိုးနီကမ်ပိန်းပြုလုပ် ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
ဖားကန့်ပြည်သူ့ဆေးရုံမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ဆရာဝန်၊ ဆရာဝန်မတွေအပါအဝင် ကျန်းမာရေးဝန်ထမ်း သုံးဆယ်နီးပါးက ဆန္ဒဖော်ထုတ်ခဲ့ကြတာပါ။
ပြည်သူ့ဆန္ဒမဲတွေနဲ့ ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရဆီက အာဏာသိမ်းယူခဲ့တာကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ ဆန္ဒဖော်ထုတ်ခြင်းဖြစ်ပြီး ပြည်သူတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှု ကုသမှုလုပ်ငန်းတွေကို ဆက်လုပ်မယ်လို့ ဖားကန့်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာမင်းလွင်က ပြောပါတယ်။
"ပြည်သူ့ဆန္ဒမဲနဲ့ ရွေးချယ်အနိုင်ရတဲ့ ပြည်သူ့အစိုးရဆီကနေ အခုလို အာဏာသိမ်းယူခဲ့တာကို ကျနော်တို့ ဆန့်ကျင်ကန့်ကွက်တာပါ။ ကျန်တာကတော့ ပြောစရာမရှိပါဘူး။"
ဖားကန့်ဆေးရုံဝန်ထမ်းတွေအနေနဲ့ အာဏာသိမ်းတာကို ဆန့်ကျင်ကြောင်း ဆန္ဒသဘောထား ထုတ်ဖော်တာဖြစ်ပြီး အလုပ်ထွက်တာမျိုးတွေတော့ သူ့အနေနဲ့ လုပ်မှာမဟုတ်ဘူးလို့ ဆရာဝန်ကြီးက ပြောပါတယ်။
"အလုပ်ထွက်ရင် ပြည်သူတွေပဲ နစ်နာကြမှာမို့ ကျနော့်အနေနဲ့ကတော့ ဆက်ပြီးလုပ်စရာရှိတာလုပ်မှာပါ။ ကျန်တဲ့လူတွေကတော့ သူတို့လွတ်လပ်ခွင့် သူတို့ လုပ်ခွင့်ရှိပါတယ်။"
စစ်တပ်က အာဏာသိမ်းတာကို ကန့်ကွက်တဲ့အနေနဲ့ ကျန်းမာရေးဝန်ထမ်းတွေက ဖဲကြိုးနီကမ်ပိန်းနဲ့ ဆန္ဒဖော်ထုတ်ခဲ့ကြသလို ဖော်ဖော်ဝါရီ ၃ ရက်နေ့ ညရှစ်နာရီအချိန်ကလည်း ဖားကန့်မြို့နယ်အတွင်းရှိ ဆိပ်မူ၊ လုံးခင်းအပါအဝင် မှော်ရွာတွေကလည်း သံပုံ၊ ဒန်အိုးဒန်ခွက် တီးပြီး ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
ဇော်မိုးထက် (ဖားကန့် )