မြန်မာပြည်သူတို့ရဲ့ အကျိုးစီးပွားနဲ့ အလိုဆန္ဒတွေနဲ့ အညီ ပုံမှန် အခြေအနေ ပြန်ရောက်ရေးနဲ့ ပြန်လည် ရင်ကြားစေ့ရေး ဆွေးနွေးကြ အာဆီယံနိုင်ငံတွေက တိုက်တွန်းလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် ဖြစ်ထွန်းမှုတွေနဲ့ ပတ်သက်ပြီး အာဆီယံ ဥက္ကဋ္ဌက ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်တိုက်တွန်းလိုက်တာပါ။
အခြေခံလွတ်လပ်ခွင့်၊ လူ့အခွင့်အရေးကို လေးစားလိုက်နာ ကာကွယ်ဖို့၊ တရားဥပဒေစိုးမိုးရေးနဲ့ ကောင်းမွန်တဲ့ စီမံအုပ်ချုပ်မှု၊ ဒီမိုကရေစီ စည်းမျဉ်းတွေကို လေးစားလိုက်နာမှုတွေ ပါဝင်တဲ့အာဆီယံ ပဋိညာဉ် စာတမ်းပါ စည်းမျဉ်းတွေကို ပြန်ကျင့်သုံးဖို့လည်း တိုက်တွန်းပါတယ်။
ငြိမ်းချမ်းတည်ငြိမ်ပြီး ကြွယ်ဝတဲ့ အာဆီယံ လူ့အဖွဲ့အစည်း ဖြစ်ဖို့ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေမှာ နိုင်ငံရေး တည်ငြိမ်ဖို့ မရှိမဖြစ် အရေးကြီးတယ်လို့လည်း အာဆီယံ ဥက္ကဋ္ဌက အချက် ၄ ချက်ပါတဲ့ ကြေညာချက်ကို ထုတ်ပြန်ရင်း ပြောလိုက်ပါတယ်။