နိုင်ငံတော်ကို အရေးအပေါ် အခြေအနေကြေညာပြီး တပ်မတော်က အာဏာကို ထိန်းသိမ်းလိုက်ပါတယ်။
ဒါနဲ့ ပတ်သက်လို့ ရန်ကုန်တိုင်းအခြေအနေကတော့ လမ်းတလျှောက် ယာဉ်ထိန်းရဲတွေကိုလည်း အနည်းငယ်သာ တွေ့ရပြီး လိုင်းကားတွေကတော့ ပုံမှန်ပြေးဆွဲနေတာတွေ့ရပြီး ယခင်နေ့တွေထက် ခြောက်ကပ်နေပါတယ်။
ရန်ကုန်မြို့တော်ခန်းမရှေ့မှာ အာဏာသိမ်းတာကို လက်မခံကြောင်း တက်ကြွလှုပ်ရှားသူတွေ စုဝေး ပြောဆိုခဲ့ကြပါတယ်။
စစ်တပ်က အာဏာသိမ်းတဲ့ ပုံနိမိတ်တွေဖြစ်တဲ့ စစ်ကားလှည့်တာမျိုး၊ စစ်သားတွေ စုဝေးနေတာမျိုး တစုံတရာမတွေ့ရဘဲ ပုံမှန်အတိုင်းသာ သွားလာနေတာတွေ့ရပါတယ်။
ဒီဗွီဘီအပါအဝင် မြန်မာ့အသံတို့၊ ရုပ်သံလိုင်းတွေ ပြတ်တောက်ကုန်ပြီး မြဝတီရုပ်သံလိုင်းကတော့ ထုတ်လွှင့်နေဆဲလို့ သိရပါတယ်။
တက္ကသိုလ်ရိပ်သာလမ်းတလျှောက် ဒေါ်အောင်ဆန်းစုကြည်ခြံရှေ့မှာလည်း ထူးထူးခြားခြား မတွေ့ရပါ။
အမေရိကန်သံရုံးဘက်မှာလည်း တစုံတရာ ထူးခြားမှုမတွေ့ရပါ။ တော်လှန်ရေးပန်းခြံရှေ့ကနေ အပြန် ရွှေဂုံတိုင်က အန်အယ်လ်ဒီရုံးရှေ့မှာလည်း ထူးခြားတာ မရှိသေးပါဘူး။ ရုံးကတော့ မနက် ရှစ်နာရီလောက်ပဲ ရှိသေးလို့လားမသိ၊ ပိတ်ထားပါတယ်။
လမ်းပေါ်သွားလာနေသူတွေကိုကြည်ရတာ ပုံမှန်သွားလာရောင်းဝယ်ဖောက်ကားနေ တာကြောင့် (အထူးသဖြင့် ရွှေတိဂုံ ဘုရားခြေရင်းက ဗဟန်းသုံးလမ်းဘက်က ဈေးမှာ ပုံမှန်ရောင်းဝယ်နေကြပါတယ်။)
စက်ရုံ၊ အလုပ်ရုံတွေမှာ လုပ်တဲ့ အလုပ်သမားတွေတော့ အလုပ်သွားရာမှာ ပိတ်ထားလို့ ပြန်လာနေကြတာလည်း တွေ့ရပါတယ်။
ဒါ့အပြင် နိုင်ငံတော်ကို အရေးအပေါ် အခြေအနေကြေညာပြီး ဒီနေ့ မနက်အစောပိုင်းမှာ ဈေးတွေ၊ ATM ငွေထုတ်စက်တွေမှာ လူစည်ကားနေပြီး၊ စားသောက်ကုန် အရောင်းဆိုင်တချို့မှာလည်း ဝယ်ယူဖို့ အများပြည်သူတွေ တန်းစီစောင့်ဆိုင်းတာတွေ ရှိနေပါတယ်။
ဘဏ်တွေကတော့ ပိတ်ထားတာတွေ့ရပြီး အေတီအမ်စက်တွေမှာ ငွေထုတ်ဖို့ လူတွေ တန်းစီနေတာလည်း တွေ့ရပါတယ်။
သင်္ဃန်းကျွန်းမြို့နယ်မှာ နေထိုင်တဲ့ ပြည်သူတွေ အခြေခံစားသောက်ကုန်တွေကို အပြေးအလွှားဝယ်ယူနေကြတာကိုလည်း တွေ့ရပါတယ်။
နေပြည်တော်မှာတော့ အဓိကနေရာတွေမှာ လုံခြုံရေး တင်းကျပ်ထားပြီး ကျန်တဲ့နေရာတွေမှာတော့ ပုံမှန်အတိုင်းပဲလို့ နေပြည်တော်ရှိ ဒီဗွီဘီသတင်းထောက်က ပြောပါတယ်။
နေပြည်တော် အစိုးရဝန်ထမ်းတဦးကလည်း ရုံးတွေမပိတ်ဘဲ ပုံမှန်အတိုင်း အလုပ်လုပ်နေကြတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။