Home
မြန်မာသတင်း
လူ့အခွင့်အရေးတန်းတူရရှိရေး မြန်မာနိုင်ငံမျက်မမြင်များအသင်း တောင်းဆို
DVB
·
January 30, 2021

မြန်မာနိုင်ငံမှာ အမြင်အာရုံမသန်စွမ်းသူများအနေနဲ့ လုပ်ကိုင်ဆောင်ရွက်နိုင်တဲ့ အခန်းကဏ္ဍဟာ ဘောင်ကျဥ်းနေပြီး လူ့အခွင့်အရေးတန်းတူရရှိဖို့ အစိုးရဘက်က ကူညီပံ့ပိုးပေးဖို့ မြန်မာနိုင်ငံ မျက်မမြင်များအသင်းက တောင်းဆိုလိုက်ပါတယ်။

ဇန်နဝါရီလ ၂၉ ရက်နေ့ Zoom Meeting က​ ပြုလုပ်တဲ့ မျက်မမြင်အလုပ်ရုံဆွေးနွေးပွဲမှာ တောင်းဆိုလိုက်တာပါ။

ဒီနေ့အချိန်ထိ စာပေဖတ်ရှုလေ့လာတဲ့ကဏ္ဍ၊ အလုပ်အကိုင်ရှာဖွေမှုကဏ္ဍ၊ နေထိုင်မှုဘဝ စတဲ့ မရှိမဖြစ်အရေးကြီးတဲ့ အဓိကကဏ္ဍတွေမှာ အမြင်အာရုံမသန်စွမ်းသူတွေ ဝင်ပါဖို့ အခွင့်အရေးတွေ နည်းပါးဆဲဖြစ်ပြီး စိန်ခေါ်မှု အခက်အခဲတွေ အများကြီးရှိနေတယ်လို့ မြန်မာနိုင်ငံမျက်မမြင်များအသင်း ဥက္ကဋ္ဌ ဦးအောင်ကိုမြင့်က ပြောပါတယ်။

သာမန်လူအဖို့တောင် ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ကြောင့် စီးပွားရှာရာမှာ အနည်းနဲ့အများ ကျပ်တည်းမှုတွေကြားက ရုန်းထွက်နေရပြီး မသန်စွမ်းသူတွေအဖို့ ဒီကာလမှာ ဝင်ငွေရဖို့ အခက်အခဲများစွာ ကြုံတွေ့နေရပါတယ်။

ကူးစက်မှုနှုန်းမြင့်တဲ့ ကပ်ရောဂါကာလမှာ မျက်မမြင်တွေရဲ့ အဓိကအသက်မွေးဝမ်းကျောင်းတွေထဲက တခုဖြစ်တဲ့ အကြောပြင်အနှိပ်ပညာနဲ့ ဝင်ငွေရှာဖို့ ခက်ခဲသွားကြတယ်လို့ ဆိုပါတယ်။ 

အလုပ်အကိုင်အခွင့်အလမ်းဟာ အရင်ကတည်းက နည်းပါးတဲ့အတွက် နောက်ထပ် အလုပ်တခု ပြောင်းဖို့ဟာ မျက်မမြင်မသန်စွမ်းသူတွေအတွက် မလွယ်ကူတဲ့အရာ ဖြစ်ပါတယ်။

ဒါ့အပြင် တခြားနိုင်ငံတွေမှာလို သတင်းစာ၊ ဂျာနယ်နဲ့ စာအုပ်ထုတ်ဝေတဲ့နေရာမှာ အသံသွင်းပြီး ဖတ်ပြထားတဲ့ CD ချပ်တွေကို တစ်ခါတည်း ထုတ်ဝေဖြန့်ချိဖို့ လိုအပ်ကြောင်း အကြံပြု​ထားပါတယ်။ 

နောက်ပြီး လူကူးမျဥ်းကြား၊ ဓာတ်လှေကား စတဲ့ အများနဲ့သက်ဆိုင်တဲ့ အဆောက်အအုံတွေမှာ မျက်မမြင်နဲ့ဆိုင်တဲ့ သင်္ကေတ၊ အမှတ်အသားတွေ မရှိတဲ့အတွက် သာမန်လူတွေနဲ့တန်းတူ မသန်စွမ်းသူတွေကို စဥ်းစားပေးစေလိုတယ်လို့ မြန်မာနိုင်ငံ မျက်မမြင်များအသင်းရဲ့ အထွေထွေအတွင်းရေးမှူး ဒေါ်ယမင်းဥမ္မာက တောင်းဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ မသန်စွမ်းသူများဦးရေ ၁၂ ဒသမ ၈ ရာခိုင်နှုန်း အထိရှိပြီး အဲဒီထဲက အမြင်အာရုံမသန်စွမ်းသူများဟာ ၆ ဒသမ ၃ ရာခိုင်နှုန်းရှိကာ အလုပ်လက်မဲ့ မှီခိုသူ ပိုများနေပါတယ်။

အစိုးရအနေနဲ့ အမြင်အာရုံမသန်စွမ်းသူတွေအတွက် လူ့အခွင့်အရေးတွေ တန်းတူရရှိနိုင်အောင် ကူညီပံ့ပိုးပေးဖို့ တိုက်တွန်းထားပါတယ်။

သတင်း - Ei Thazin Khine

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024