တိုင်းပြည်ကာကွယ်ရေးမှာ ညာသံပေးနေရုံနဲ့ မရဘဲ လက်တွေ့လုပ်ဆောင်ရမှာ ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
ဒီကနေ့မနက် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ နည်းပြအရာရှိကြီးတွေ သင်တန်းသား အရာရှိကြီးတွေကို Video Conferencing နဲ့ တွေ့ဆုံအမှာစကား ပြောကြားရာမှာ ထည့်သွင်း ပြောဆိုခဲ့တာလို့ တပ်မတော်သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပါတီစုံဒီမိုကရေစီစနစ် ခိုင်ခိုင်မာမာဖြစ်စေရေးအတွက် စည်းကမ်းရှိတဲ့ ဒီမိုကရေစီနိုင်ငံ၊ တရားမျှတတဲ့ ဒီမိုကရေစီနိုင်ငံ၊ ရိုးသားတဲ့ ဒီမိုကရေစီနိုင်ငံ ဖြစ်ရန်လိုအပ်ပြီး ဥပဒေကို အလေးထားလိုက်နာရန်လိုအပ်တယ်လို့လည်းပြောပါတယ်။ ဥပဒေကို ကိုယ်လိုရာဆွဲပြီး ပြောဆိုနေတာတွေဟာ အကျိုးထက်အဆိုးကို ဖြစ်ပေါ်စေနိုင်ကြောင်းနဲ့ တပ်မတော်အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုမဆန့်ကျင်တဲ့ တည်ဆဲဥပဒေတွေ အလေးထားလိုက်နာ သွားမယ်လို့လည်း ဆိုပါတယ်။
စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ လျှပ်စစ်စွမ်းအား၊ ဆက်သွယ်ရေးစနစ်၊ ပို့ဆောင်ရေးစနစ်နဲ့ လူသားအရင်းအမြစ်များ ကောင်းမွန်ဖို့ အခြေခံအချက် ၄ ချက်နဲ့ ပြည့်စုံရန်လိုအပ်တယ်လို့လည်း ပြောပါတယ်။
အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော်အရာရှိကြီးတွေ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် ကျောင်းအုပ်ကြီး၊ နည်းပြအရာရှိကြီးတွေနဲ့ သင်တန်းသားအရာရှိကြီးတွေ တက်ရောက် ကြပါတယ်။
ဓာတ်ပုံ- DSINFO