Home
မြန်မာသတင်း
သပိတ်ကျင်းမြို့နယ်၌ အများသုံးရေကန်ထဲ sodium cyanide ခတ်သူနှင့် စေခိုင်းသူတို့ ဖမ်းမိ
DVB
·
January 26, 2021

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ အုံးဇုံးကျေးရွာအုပ်စု၊ ဆင်မွှေးကျေးရွာမှာ ကျေးရွာသုံး သောက်သုံးရေကန်တွေထဲကို sodium cyanide ဓာတုပစ္စည်း‌တွေ ခတ်သူနဲ့ ခတ်ဖို့ စေခိုင်းသူ တို့ကို ဖမ်းမိထားပြီဖြစ်တယ်လို့ သပိတ်ကျင်းမြို့မရဲစခန်းက ပြောပါတယ်။

၂၀၂၀ ဒီဇင်ဘာလ ၂၁ ရက်နေ့ မနက်ပိုင်းက ဆင်မွှေးကျေးရွာက အများသုံး သောက်သုံးရေကန်က ရေကို အသုံးပြုပြီးနောက် အသက် ၄၁ နှစ်အရွယ် အမျိုးသမီးတစ်ယောက် သေဆုံးကာ အမျိုးသားတစ်ယောက်နဲ့ တခြားအမျိုးသမီးငယ်တစ်ယောက်  မူးဝေအော့အန် ဖြစ်ခဲ့ပါတယ်။

အဆိုပါ ရေတွင်းနဲ့ ရေကန်တွေကို စစ်ဆေးခဲ့တဲ့အခါ ရေကန်တစ်ခုရဲ့ ဘေးမှာ sodium  cyanide (ရွေသတ္တုထုတ်လုပ်သန့်စင်ရာတွင်အသုံးပြုသည့် ဓာတုပစ္စည်း)  တွေကို တွေ့ရှိခဲ့ပြီး သပိတ်ကျင်းမြို့မရဲစခန်းမှာ သေမှုသေခင်း ဖွင့်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် ရေကို ရန်ကုန်ဓာတ်ခွဲဌာနသို့ ပေးပို့စစ်ဆေးခဲ့တဲ့အခါ ရေထဲမှာ sodium cyanide  ပါဝင်တယ်လို့  အဖြေထွက်ခဲ့တာကြောင့်  ဇန်နဝါရီ ၇ ရက်နေ့မှာ ရာဇသတ်ကြီး ဥပဒေအရ ပုဒ်မ ၃၀၂/၃၂၈ တို့နဲ့ ပြောင်းလဲ အမှုဖွင့်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် ပြင်ဦးလွင်ခရိုင် ရဲတပ်ဖွဲ့က ကြီးကြပ်ပြီး သက်ဆိုင်ရာရဲတပ်ဖွဲ့နဲ့ တာဝန်ရှိသူတွေ ပူးပေါင်းစစ်ဆေးရှာဖွေခဲ့ရာက ဇန်နဝါရီလ ၂၃ ရက်နေ့မှာ sodium cyanide ခတ်သူ မင်းခန့်မောင်(ခ)ရှမ်းကြီးနဲ့ စေခိုင်းသူ ဝင်းနိုင်တို့ကို ဖမ်းဆီးရမိခဲ့ပါတယ်။

သူတို့ နှစ်ယောက်ကို ရဲတပ်ဖွဲ့က ရမန်ယူ စစ်ဆေးခဲ့ပြီး မင်းခန့်မောင်(ခ)ရှမ်းကြီးဟာ ဇန်နဝါရီ ၂၅ ရက်က သပိတ်ကျင်းမြို့နယ်တရားရုံးမှာ ပြစ်မှုကျူးလွန်ကြောင်း ဖြောင့်ချက်ပေးထားတယ်လို့  သိရပါတယ်။

သတင်း - ထိန်ထိန်လင်း၊ ဓာတ်ပုံ-သပိတ်ကျင်းမြို့နယ် ရဲတပ်ဖွဲ့

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024