သံဖြူဇရပ်ဒေသခံ သူဌေးကြီးဇနီးမောင်နှံက မြေဧက ၈၀ ကို မြေယာမဲ့ပြည်သူများအတွက် ပေးလှူ
DVB
·
January 22, 2021
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်မှာ ဒေသတွင်း မြေယာမဲ့ပြည်သူတွေအတွက် သံဖြူဇရပ်မြို့ခံ ရာဘာနဲ့စက်လှေ သူဌေးကြီး ဇနီးမောင်နှံက သူပိုင်ဆိုင်တဲ့ မြေဧက ၈၀ ကို အကွက် ၈၀၀ ကျော်ဖော်ထုတ် ကျေးရွာတည်ပေးဖို့ စီစဉ်နေပါတယ်။
အဆိုပါ မြေယာတွေဟာ ရာဘာလုပ်ငန်းရှင်သူဌေးကြီး ဦးခွေးနဲ့ ကွယ်လွန်သူ ဇနီး ဒေါ်ယိမ်းတို့ ပိုင်ဆိုင်တဲ့ မြေကွက်တွေဖြစ်ပြီး ပုံစံ ၇ ကျထားပြီးဖြစ်တယ်လို့ မြေယာပေးလှူဖို့ စီမံခန့်ခွဲရေးလုပ်ဆောင်နေသူ ဒေါက်တာ တင့်အောင်စိုးက ပြောပြပါတယ်။
“အခုလိုလှူဒါန်းဖို့ ပြင်ဆင်နေတာတစ်နှစ်နီးပါးရှိပြီ။ အဘိုးနဲ့အဘွားမှာ အဘွားဆုံးသွားပါပြီ။ စတင်လျှောက်ထားနိုင်တယ်လို့ကြေညာပြီး နှစ်ရက်ပဲရှိသေးပေမယ့် အစောင် ၄၀၀ နီးပါးတက်နေပြီ။ ၈၀၀ ကျော်ရင်ခဏရပ်လိုက််မယ်”လို့ ဒေါက်တာ တင့်အောင်စိုးကပြောပါတယ်။
အဆိုပါ မြေယာဧက ၈၀ ထဲမှ နှစ်ဧကနီးပါးကို မြေပိုင်ရှင် မိသားစုက စေတီတစ်ဆူ တည်ထားတဲ့အပြင် ဘုန်းတော်ကြီးကျောင်းတစ်ကျောင်း ဆောက်လုပ်လှူဒါန်းပေးထားတာကြောင့် ကျန်မြေကို အလျား ၃၅ ပေ၊ အနံပေ ၇၀ ရှိ တဲ့ မြေကွက်ဖော်ထုတ်ကာ လျှောက်ထားသူတွေကို ပေးလှူသွားမယ်လို့ သိရှိရပါတယ်။
မြေယာလျှောက်ထားတွေအထဲက တစ်ကယ်မြေယာမဲ့သူတွေနဲ့ အမှန်နေထိုင်သူကိုယ်သာ ပေးဝေလှူဒါန်းမှာဖြစ်ပြီး စည်ကမ်းချက်အနေနဲ့ဆယ်နှစ်အတွင်း လက်လွှဲရောင်းချတာ၊ နေထိုင်မှု မပြုခြင်းစစ်ဆေးတွေ့ရှိပါက ပြန်လည်ပြီးသိမ်းဆည်းကာ လိုအပ်သူတွေထံ ထပ်မံပေးအပ်မယ်လို့ မြေယာလှူဒါန်းမှုကို စီမံပေးနေသူတွေထံက သိရပါတယ်။
သံဖြူဇရပ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဉာဏ်ဟိန်း က “ဦးခွေးရဲ့သဘောထားက အမှန်နေသူကို ရစေချင်တာဖြစ်လို့ ဆယ်နှစ်နေပြီးမှ မြေပိုင်ဆိုင်မှု စာချုပ်ကိုလွဲပြောင်းပေးအပ်ပါမယ်။ ဒီအိမ်ရာဖော်ထုတ်ပေးဝေမှုအပြင် မုဒုံနားက တာပသွန်ဆိုတဲ့ ရွာနားမှာလည်း မြေယာကွက်တွေဖော်ထုတ်ပေးလှူဖို့ရှိတယ်။ အဲဒီနေရာကတော့ အစိုးရတို့ အိုးအိမ်တို့နဲ့ညှိနှိုင်းပေါင်းစပ် လုပ်ဆောင်သွားမှာ” လို့ ပြောပါတယ်။
သံဖြူဇရပ်မြို့ခံ ဦးခွေးနဲ့ ဒေါ်ယိမ်းတို့ ဇနီးမောင်နှံပိုင် မြေယာ လှူဒါန်းပေးမယ့် အိမ်ရာကွက်တွေရှိတဲ့နေရာကို သီးခြားရွာအဖြစ်မတည်ဘဲ ခန်းကြီးကျေးရွာ အုပ်စုထဲသို့ ထည့်သွင်း သတ်မှတ်မှာဖြစ်ပြီး ပုံစံ ၇ ရရှိထားတဲ့အပြင် သံဖြူဇရပ်-ဘုရား သုံးဆူလမ်းဘေးမှာတင် ရှိတယ်လို့ သိရပါတယ်။
သံဖြူဇရပ်ဇာတိ ဦးခွေးနဲ့ဒေါ်ယိမ်းတို့ဇနီးမောင်နှံဟာ ရာဘာခြံလုပ်ငန်းနဲ့ မလေးရှားနိုင်ငံ ပီနန်သို့ ကုန်တင်ပို့တဲ့ စက်လှေလုပ်ငန်းတွေ လုပ်ကိုင်ခဲ့ကြသူတွေဖြစ်ပါတယ်။
သတင်း- ရဲထွဋ်