ကိုဗစ်-၁၉ ကြောင့် စီးတီးအက်ဖ်အမ်ဂီတဆုပေးပွဲ အွန်လိုင်းကကျင်းပမည်
DVB
·
January 21, 2021
နှစ်စဉ် ခမ်းခမ်းနားနား ကျင်းပလေ့ရှိတဲ့ စီးတီးအက်ဖ်အမ်ရဲ့ တေးဂီတဆုပေးပွဲကို အခုနှစ်မှာတော့ ကိုဗစ်-၁၉ ကူးစက်ပျံ့ပွားမှု အန္တရာယ်ကြောင့် အွန်လိုင်းကတဆင့် ကျင်းပမယ်လို့ သိရပါတယ်။
အခုနှစ်မှာတော့ ဒီဆုပေးပွဲကို ကျင်းပလာတာ ၁၉ ကြိမ်မြောက် ရှိလာခဲ့ပြီဖြစ်ကာ လာမယ့် ဇန်နဝါရီ ၃၀ ရက်မှာတော့ Virtual Ceremony အနေနဲ့ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား(MRTV)၊ 50 TV အက်ပလီကေးရှင်းနဲ့ ဖေ့စ်ဘွတ်ခ်ကတဆင့် ထုတ်လွှင့် တင်ဆက်ပေးသွားမယ်လို့ ဆိုပါတယ်။
ဒီအခမ်းအနားမှာတော့ နာမည်ကြီး အင်ပါယာတေးဂီတအဖွဲ့နဲ့အတူ ပရိသတ်အချစ်တော် တေးသံရှင်တွေဖြစ်ကြတဲ့ ဇော်ဝင်းထွဋ်၊ မေဆွိ၊ ဖြိုးပြည့်စုံ၊ ဝိုင်းစုခိုင်သိန်း၊ ရတနာမိုင်၊ သားသား၊ Eternal Gosh၊ နီနီခင်ဇော်၊ မိစန္ဒီ၊ ဖြိုးမြတ်အောင်၊ ဂျူဝယ်လ်၊ မေလသံစဉ်၊ ချမ်းမြေ့မောင်ချိုစတဲ့ အဆိုတော်တွေ အများကြီးက ပါဝင်တင်ဆက်ပေးသွားကြမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၁၈ ကြိမ်မြောက် ဆုပေးပွဲ အခမ်းအနားမှာတော့ ဆုပေါင်း ၈ ဆုရွေးချယ် ချီးမြှင့်ခဲ့ပြီး ဆုရရှိခဲ့ကြတဲ့ ဂီတအနုပညာရှင်များကို ဆုတံဆိပ်နဲ့ ရွှေ ၁ ကျပ်သားစီ ချီး မြှင့်ခဲ့တာ ဖြစ်ပါတယ်။
ဆုရရှိကြတဲ့ အနုပညာရှင်တွေကတော့ ရောင်းအားအကောင်းဆုံး စတူဒီယိုတေး သံရှင်အမျိုးသမီးဆုကို ဂျူဝယ်လ်၊ ရောင်းအား အကောင်းဆုံး မြန်မာသံတေးသီချင်း ထုတ်လုပ်သူဆုကို KMA ထုတ်လုပ်ရေး၊ ရောင်းအားအကောင်းဆုံး မြန်မာသံတေးသီချင်း သီဆိုသူဆုကို စိုးစန္ဒာထွန်း၊ ရေပန်းအစားဆုံး မျက်နှာသစ်အဆိုရှင်ဆုကို Eternal Gosh၊ ရေပန်းအစားဆုံး အမျိုးသမီးအဆိုဆုရှင်ဆုကို ဝိုင်းစုခိုင်သိန်း၊ ရေပန်းအစားဆုံး အမျိုး သားအဆိုဆုရှင်ဆုကို G Fatt၊ ရောင်းအားအကောင်းဆုံး စတူဒီယိုတေးထုတ်လုပ်သူဆုကို ဇဏ်ခီနဲ့ ရောင်းအား အကောင်းဆုံး စတူဒီယို တေးသံရှင် အမျိုးသားဆုကို ဝေလတို့က ရရှိခဲ့ပါတယ်။