Homeမြန်မာသတင်း
ညမထွက်ရအမိန့် ချိုးဖောက်မှုဖြင့် အင်းစိန်ထောင်ရောက်လာသည့် အကျဉ်းသားများ ကိုဗစ်ပိုးတွေ့
ညမထွက်ရအမိန့် ချိုးဖောက်မှုဖြင့် အင်းစိန်ထောင်ရောက်လာသည့် အကျဉ်းသားများ ကိုဗစ်ပိုးတွေ့
သူဇာလင်း
·
January 3, 2021
ညမထွက်ရအမိန့်ကို ဖောက်ဖျက်ပြီး ရောက်ရှိလာတဲ့ အကျဉ်းသားတွေမှာ ကိုဗစ်ကူးစက်ခံ ထားရတာ တွေ့ရှိရတယ်လို့ အင်းစိန်အကျဉ်းထောင်ရဲ့ ထောင်တာဝန်ခံအရာရှိ၊ ညွှန်ကြားရေးမှူး ဦးမျိုးဋ္ဌေးက ပြောပါတယ်။
ဒီဇင်ဘာလ ၂၃ ရက်နေ့က စပြီး အင်းစိန်အကျဉ်းထောင်ကို ရောက်ရှိလာတဲ့ အကျဉ်းသားအသစ်တွေကို ကိုဗစ်-၁၉ ရောဂါနဲ့ သက်ဆိုင်တဲ့ ကျန်းမာရေးစစ်ဆေးမှုတွေ လုပ်ဆောင်တယ်လို့ ဆိုပါတယ်။
အဲဒီအကျဉ်းသားထွေထဲက ကိုဗစ်-၁၉ ကူးစက်ခံနေရတာ တွေ့ရှိခဲ့ရင်တော့ ထောင်ရဲ့ ကုသရေးစင်တာကို ပို့ဆောင်ပြီး ကုသပေးတယ်လို့ ပြောပါတယ်။
ရောဂါပိုးရှိသူတွေဟာလည်း ကိုဗစ်ကာလအတွင်း ညမထွက်ရအမိန့် ဖောက်ဖျက်တာကြောင့် အရေးယူခံရတဲ့သူတွေဖြစ်ပြီး လက်ရှိမှာတော့ အမျိုးသား ၁၅ ဦးနဲ့ အမျိုးသမီး ၁ ဦးက ရောဂါပိုး ရှိနေတာလို့ ဆိုပါတယ်။
ရောဂါပိုးမရှိတဲ့ အကျဉ်းသားအသစ်တွေကိုလည်း ထောင်အတွင်းပိုင်းကို မထည့်သေးဘဲ ထောင်ကြီးရဲ့ ပြင်ပ ထောင်အသေးထဲမှာ ၂၁ ရက်ထားရှိပြီး နောက်ထပ်တစ်ကြိမ် ဆေးစစ်ဆေးမှုတွေ လုပ်ဆောင်တယ်လို့ ပြောပါတယ်။
ဒါ့အပြင် နောက်တစ်ကြိမ် ကျန်းမာရေးစစ်ဆေးမှုတွေ လုပ်ဆောင်ပြီး ရောဂါပိုးမရှိရင်တော့ ထောင်မကြီး အနောက်ဘက်အတွင်းက အလုပ်လုပ်တဲ့ ထောင်မှာ ၁၄ ရက် ထပ်မံထားရှိမှာဖြစ်ပါတယ်။
အင်းစိန်ထောင်ကိုတော့ ပြစ်မှုမျိုးစုံနဲ့ အကျဉ်းသား ၁၂၀ လောက် နေ့စဉ်ရောက်ရှိလာတာဖြစ်ပြီး လူဦးရေ ၁၀၀ လောက်မှာ ကိုဗစ်ရောဂါပိုးရှိသူက ၂ ဦးနှုန်းလောက်ရှိတယ်လို့ ထောင်တာဝန်ခံအရာရှိက ပြောပါတယ်။
အင်းစိန်ထောင်မှာ လက်ရှိ အကျဉ်းသားဦးရေ ၁ သောင်းကျော်ရှိနေတာလည်း ဖြစ်ပါတယ်။