Homeမြန်မာသတင်း
မွန်ဝန်ကြီးချုပ်၏ ရွေးကောက်ပွဲကုန်ကျစရိတ် ၆၀ ရာခိုင်နှုန်းခန့်ကို ထိပ်တန်းကုမ္ပဏီများက ထောက်ပံ့
မွန်ဝန်ကြီးချုပ်၏ ရွေးကောက်ပွဲကုန်ကျစရိတ် ၆၀ ရာခိုင်နှုန်းခန့်ကို ထိပ်တန်းကုမ္ပဏီများက ထောက်ပံ့
DVB
·
December 19, 2020
မွန်ပြည်နယ် ဝန်ကြီးချုပ်ရဲ့ ရွေးကောက်ပွဲ ကုန်ကျစရိတ် ၆၀ ရာခိုင်နှုန်းလောက်ကို ပြည်နယ်အတွင်းက ထိပ်တန်းကုမ္ပဏီတွေနဲ့ လုပ်ငန်းစုတွေက ထောက်ပံ့ကူညီထားပြီး ရိုးရိုးလေး ကုမ္ပဏီက အများဆုံးဖြစ်ပါတယ်။
မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ အခု ရွေးကောက်ပွဲမှာတော့ ရွေးကောက်ပွဲ ကုန်ကျစရိတ်အနေနဲ့ အလှူ၊ ကိုယ်ပိုင်ထည့်ဝင်ငွေ ၈၂ သိန်း ရှိပြီး အဲဒီထဲက ငွေကျပ် သိန်းပေါင်း ၇၆ သိန်းကျော် သုံးစွဲထားတယ်လို့ သထုံခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အချက်အလက်တွေ အရ သိရပါတယ်။
ဝန်ကြီးချုပ်ရဲ့ ရွေးကောက်ပွဲ ကုန်ကျစရိတ် ကျပ်သိန်း ၇၆ သိန်းမှာ ၄၅ သိန်းကျော်ကို ပြည်နယ်အတွင်းက ထိပ်တန်းကုမ္ပဏီတွေနဲ့ လုပ်ငန်းစုတွေက ထောက်ပံ့ကူညီထားတာ ဖြစ်ပြီး ရာခိုင်နှုန်းအနေနဲ့ ၆၀ ရာခိုင်နှုန်းလောက် ပါဝင်နေတာပါ။
အဲဒီထဲမှာတော့ မွန်ပြည်နယ်က ထိပ်တန်းကုမ္ပဏီတစ်ခု ဖြစ်တဲ့ ရိုးရိုးလေးကုမ္ပဏီက ဦးနေထက်သိန်းနိုင်က ကျပ်သိန်း ၂၇ သိန်း ၅ သောင်းနဲ့ အများဆုံး ထောက်ပံ့ကူညီထားတာပါ။
ရိုးရိုးလေးကုမ္ပဏီဟာ ကျိူက်ထီးရိုးဘုရားမှာ ဟိုတယ်လုပ်ငန်းတွေ၊ မွန်ပြည်နယ်အတွင်း ကားလိုင်းပြေးဆွဲနေတဲ့လုပ်ငန်းတွေ အပါအဝင် တခြားလုပ်ငန်းတချို့ကိုလည်း လုပ်ဆောင်နေတာပါ။
ရွေးကောက်ပွဲ ကုန်ကျစရိတ်နဲ့ပတ်သက်ပြီး သထုံခရိုင် ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးသက်နိုင်ဦးက ကိုယ်စားလှယ်လောင်းအားလုံး ဥပဒေ၊ နည်းဥပဒေအတိုင်း ဆောင်ရွက်ထားတာ ဖြစ်ပြီး ကျပ်သိန်း ၁၀၀ ကျော်အထိ သုံးစွဲထားသူ တစ်ယောက်မှ မရှိဘူးလို့ ပြောပါတယ်။
မွန်ပြည်နယ် ဝန်ကြီးချုပ်ရဲ့ ရွေးကောက်ပွဲ ကုန်ကျစရိတ်တွေထဲမှာ ထူးခြားမှုအနေနဲ့ ကျိုက်ထီးရိုးစျေးကော်မတီက ငွေကျပ် ၂၅၀,၀၀၀ ပါဝင်ထားပါတယ်။
ဝန်ကြီးချုပ်ရဲ့ ရွေးကောက်ပွဲ ကုန်ကျစရိတ်တွေကို ကုမ္ပဏီတွေ ထောက်ပံ့တာဟာ ဥပဒေကြောင်းအရ ကန့်သတ်ချက်တွေ မရှိပေမယ့် နောက်ပိုင်းမှာ အကျိုးစီးပွားဆိုင်ရာ ပဋိပက္ခတွေအဖြစ် ဦးတည်လာနိုင်တဲ့အတွက်ကြောင့် သတိထားဖို့ လိုတယ်လို့ နိုင်ငံရေး လေ့လာ သုံးသပ်သူ ကိုကြည်ဇော်လွင်က ပြောပါတယ်။
ဝန်ကြီးချုပ်ရဲ့ ရွေးကောက်ပွဲ ကုန်ကျစရိတ်တွေထဲမှာ ကိုယ်ပိုင်ဝင်ငွေကနေ ကျပ် ၂၅ သိန်း တိတိ သုံးစွဲထားတာပါ။ ဒါပေမဲ့ ဝန်ကြီးချုပ်ရဲ့ ရွေးကောက်ပွဲ ကုန်ကျစရိတ် သုံးစွဲမှုမှာ ကုမ္ပဏီတွေ ပါဝင်နေတဲ့အတွက်ကြောင့် နောက်ပိုင်းမှာ အဲဒီကုမ္ပဏီတွေနဲ့ ဝန်ကြီးချုပ်ရဲ့ ပါဝင်ပတ်သက်မှုတွေကို စောင့်ကြည့်သွားဖို့ လိုအပ်နေတယ်လို့ မော်လမြိုင်မြို့မိမြို့ဖ ဦးမောင်မောင်ဇော်ထွန်း ပြောပါတယ်။
အခုအခါမှာတော့ မွန်ပြည်နယ် ဝန်ကြီးချုပ်ရဲ့ ရွေးကောက်ပွဲ ကုန်ကျစရိတ်အပေါ် ဝေဖန်မှုတွေ ထွက်ပေါ်လာတာပါ။
ဒါကြောင့် အခုအခြေအနေနဲ့ ပတ်သက်ပြီး မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို DVB က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းတော့ မရှိပါဘူး။
ဇော်လွင်ထွဋ်