ဟင်္သာတ မြေနုကျွန်းခွဲဝေရေးကိစ္စ မြေစစ်ကော်မတီကို တရားစွဲမည်
DVB
·
December 19, 2020
ဧရာဝတီတိုင်း ဟင်္သာတမြို့နယ်တွင်းက မြေနုကျွန်းလုပ်ကိုင်ခွင့် ခွဲဝေရာမှာ နည်းဥပဒေအတိုင်း မလုပ်ဆောင်တဲ့အတွက် မြေစစ်ကော်မတီတွေကို တရားစွဲဆိုသွားမယ်လို့ မြေနုကျွန်းလုပ်ကိုင်ခွင့်ရရှိရေး လိုက်ပါဆောင်ရွက်ပေးတဲ့ တောင်သူလယ်သမားသမဂ္ဂအဖွဲ့ တိုင်းဥက္ကဋ္ဌ ဦးမျိုးချစ်က DVB ကို ပြောပါတယ်။
ပျဥ်းမချောင်းရပ်ကွက်နဲ့ ခေါင်းဆေးကျွန်းကျေးရွာအုပ်စုကြား မြေနုကျွန်းလုပ်ကွက်ချထားပေးရာမှာ တရားမျှတမှုမရှိဘူးဆိုပြီး ဒေသခံတွေက မနေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြတာပါ။
၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့မှာ ပြည်သူ ၃၀၀ လောက် ခရိုင်လယ်စီကို တင်ပြခဲ့ပေမဲ့ ဒီနေ့ထိ တောင်သူတွေ စိုက်ပျိုးနိုင်ခွင့်မရရှိခဲ့ကြဘူးလို့ တောင်သူတဦးက ပြောပါတယ်။
မြေနုကျွန်းဧရိယာ ဧက ၆၀၀ မှာ စိုက်ပျိုးမြေ ၂၆၈ ဧကရှိပြီး သဲသောင်မြေ ဧက ၃၃၀ ကျော်ရှိတာကြောင့် ခွဲဝေပေးရာမှာ လယ်ယာမြေနည်းဥပဒေ ၁၀၅၊ ၁၀၆ အရ တစ်ဝက်စီ ရသင့်တယ်လို့ ဒေသခံတွေက ပြောပါတယ်။