Homeမြန်မာသတင်း
ရန်ကုန်တွင် ကိုဗစ်ရောဂါမထိန်းချုပ်နိုင်ခြင်းက နိုင်ငံအတွက် စိန်ခေါ်မှုဖြစ်နေဟု အတိုင်ပင်ခံပြော
ရန်ကုန်တွင် ကိုဗစ်ရောဂါမထိန်းချုပ်နိုင်ခြင်းက နိုင်ငံအတွက် စိန်ခေါ်မှုဖြစ်နေဟု အတိုင်ပင်ခံပြော
DVB
·
December 12, 2020
ကိုဗစ်-၁၉ ရောဂါကို ရန်ကုန်က မထိန်းချုပ်နိုင်တာဟာ နိုင်ငံအတွက် စိန်ခေါ်မှုဖြစ်ပြီး ကိုဗစ်ဖြစ်ပြီးသူတွေအနေနဲ့ နောက် ရက်ပေါင်း ၉၀ အကျော်မှာ ပြန်ဖြစ်နိုင်တယ်လို့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သတိပေးလိုက်ပါတယ်။
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားတဲ့ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ပြည်သူကို အစီရင်ခံ တင်ပြတဲ့ မိန့်ခွန်းမှာ ပြောတာဖြစ်ပြီး ကာကွယ်ဆေးဟာလည်း ဒီလထဲမှာ ထိုးနိုင်မယ့် အခြေအနေမရှိဘူးလို့ ပြောပါတယ်။
“ကိုဗစ်ထိန်းချုပ်ရာမှာ အားနည်းနေတဲ့နေရာ အများဆုံးကတော့ ရန်ကုန်ပေါ့။ အဲဒါတော့လည်း ကျမတို့ ရန်ကုန်တိုင်းက ပြည်သူတွေ သိပြီးသား ဖြစ်ပါတယ်။ ရန်ကုန်ကနေပြီးတော့ မထိန်းချုပ်နိုင်တာကတော့ ကျမတို့ နိုင်ငံတစ်နိုင်ငံလုံးအတွက် စိန်ခေါ်မှုတခုပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ရန်ကုန်က ကျမတို့ရဲ့ တနည်းအားဖြင့် ပြောရမယ်ဆိုရင် စီးပွားရေးမြို့တော်ဆိုရင်လည်း မမှားပါဘူး။ ဒီတော့ စီးပွားရေးမြို့တော်ကြီးကို ပြန်ပြီးတော့ နာလန်ထူအောင်လုပ်ဖို့ဆိုတာဟာ ကျမတို့ရဲ့ စီးပွားရေး ပြန်လည်ထူထောင်ရေးအတွက် အင်မတန်မှ အရေးကြီးပါတယ်ဆိုတာလည်း ကျမက သတိပေးချင်ပါတယ်။”
နိုင်ငံကို ပုံမှန်အခြေအနေ ပြန်ဖြစ်ဖို့အတွက် အစီအစဉ်တွေလည်း ချနေပြီလို့ သူက သတင်းစကား ပါးပါတယ်။
ပြည်တွင်းလေကြောင်းတွေကို ပျံသန်းဖို့ စ စီစဉ်နေပြီဖြစ်သလို ပြည်ပလေကြောင်းတွေ ပျံသန်းဖို့ အဝင်အထွက် သာမန်ပုံစံဘက်ကို ဦးတည်ဖို့ဆိုတာလည်း စပြီးစီစဉ်နေပြီလို့ သူက ဆိုပါတယ်။
စက်ရုံတွေ၊ အလုပ်ရုံတွေကို အမြန်ဆုံး ပြန်ဖွင့်ပေးမှာဖြစ်သလို Stay At Home မဟုတ်တဲ့ နေရာတွေမှာလည်း ကျန်းမာရေး စည်းမျဉ်းစည်းကမ်းနဲ့ ကိုက်ညီတဲ့ စားသောက်ဆိုင်တွေကို ပြန်ဖွင့်ခွင့်ပြုမယ်လို့ ဆိုပါတယ်။
ဒီရာသီမှာ အအေးမိတုပ်ကွေးလည်း ဖြစ်တတ်ပြီး တုပ်ကွေးဖြစ်နေသူတယောက် ကိုဗစ်ပါ ကူးစက်ခံရရင် ပိုပြီး ပြင်းထန်နိုင်တယ်လို့ အတိုင်ပင်ခံက သတိပေးပါတယ်။
“နောက် တချို့ကတော့ ဒီရောဂါဖြစ်ပြီးရင် အေးအေးဆေးဆေးပဲ၊ နောင်ဖြစ်စရာ မလိုတော့ဘူး ဆိုပြီးတော့ ထင်နေတဲ့လူတွေလည်း ရှိပါတယ်။ အဲဒီဟာလည်း မဟုတ်ပါဘူးဆိုတာ ကျမသတိပေးပါရစေ။ ကျမ နားလည်သလောက်ကတော့ ပညာရှင်များ သတ်မှတ်ထားတာက ရောဂါဖြစ်ပြီးတော့ ၃ လလောက်အထိ ရက် ၉ဝ ပေါ့။ ရက် ၉ဝ ဆိုတော့ ၃ လလောက်အထိကို ပြန်ပြီးတော့ ရောဂါကူးဖို့ အခြေအနေမရှိဘူးပေါ့။ မရှိသလောက်ပဲ ဆိုပါတော့။ ဒါပေမယ့် ရက် ၉၀ လွန်သွားလို့ရှိရင် ပြန်ပြီးတော့ ဖြစ်နိုင်တဲ့အခြေအနေ ပြန်ရောက်သွားပါတယ်။”
ကိုဗစ်ကာကွယ်ဆေးအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အစီအစဉ်ဆီကို အမှာစာ ပို့ထားပြီ ဖြစ်ပြီး လိုအပ်တာကိုလည်း တခြားကနေ ဝယ်ဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။
“ဒါပေမဲ့ ကျမ သတိပေးချင်တာကတော့ ဒီလိုလုပ်တဲ့နေရာမှာ ကျမတို့က နိုင်ငံရဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကိုလည်း ထည့်ပြီးတော့ တွက်ရပါတယ်။ ကျမ ပြောချင်တာက ဘာလဲဆိုတော့၊ စီးပွားရေး ပြန်ပြီးတော့ နာလန်ထူနေတဲ့နေရာတွေကို ကျမတို့ ဦးစားပေးပြီးတော့၊ ကာကွယ်ဆေးတွေ ထိုးသင့်ရင်လည်း ထိုးပေးရပါလိမ့်မယ်။
ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ စီးပွားရေးယန္တရားကြီး ပြန်ပြီးတော့လည်ပတ်ဖို့ဆိုတာဟာ အင်မတန်မှ အရေးကြီးပါတယ်။ ဒါကြောင့် ဒီအချိန်မှာ စီးပွားရေးယန္တရား ပြန်ပြီးတော့ လည်ပတ် နိုင်တဲ့ အခြေအနေရှိတဲ့ ဒေသတွေ၊ ပြောချင်တာကတော့ ကိုဗစ်ရောဂါနဲ့ ပတ်သက်ပြီးတော့ ထိန်းချုပ်ထားနိုင်တဲ့ ဒေသတွေမှာဆိုရင် ပိုပြီးတော့ စောစောစီးစီး ကာကွယ်ဆေးထိုးပေးနိုင်မယ့် အခြေအနေမျိုးလည်း ဖြစ်ပေါ်နိုင်ပါတယ်။”
ဘယ်တော့၊ ဘယ်သူတွေကို ဦးစားပေးရမလဲဆိုတာတော့ နိုင်ငံရဲ့လိုအပ်ချက်အရ၊ ပြီးတော့ လုပ်ဆောင်နိုင်တဲ့ အင်အားအရ ဆုံးဖြတ်ရမှာဖြစ်ပြီး အားလုံးအတွက် မျှတအောင် လုပ်မယ်လို့လည်း သူက ကတိပေးပါတယ်။
တနိုင်ငံလုံး ကာကွယ်ဆေးထိုးနိုင်ဖို့က လနဲ့ချီကြာမှဖြစ်ပြီး ဒီလထဲမှာတော့ ထိုးနိုင်မယ့်အခြေအနေ မမြင်ဘူးလို့လည်း သူက ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ဒီဇင်ဘာ ၁၁ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၁၀၅,၈၆၃ ယောက်၊ သေဆုံးသူ ၂,၂၂၀ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၈၄,၃၃၈ ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။