တောင်ကြီး စဝ်စံထွန်းဆေးရုံက ဝန်ထမ်းများတွင် ကိုဗစ်-၁၉ ရောဂါပိုးမတွေ့
DVB
·
December 9, 2020
ရန်ကုန်မှာ သွားပြီးကူညီတဲ့ တောင်ကြီးက ကျန်းမာရေးဝန်ထမ်းတွေမှာ ကိုဗစ်-၁၉ ရောဂါ တွေ့တဲ့အတွက် သူတို့နဲ့ဆက်စပ်တဲ့ စဝ်စံထွန်းဆေးရုံနဲ့ အမျိုးသမီးနှင့်ကလေးဆေးရုံက ကျန်းမာရေးဝန်ထမ်းတွေကို ရောဂါပိုးစစ်ဆေးရာမှာ ရောဂါပိုး မတွေ့ရှိဘူးလို့ သိရပါတယ်။
စဝ်စံထွန်း ရောဂါရှာဖွေရေးဌာန အထူးကုဆရာဝန်ကြီး ဒေါက်တာပိုးပိုးလင်းက“ရန်ကုန်မှာ Positive ထွက်သွားတဲ့သူနဲ့ ဆက်စပ်သူကို ကျမတို့ ဒီမနက် စစ်ဆေးပြီးသွားပါတယ်။ Negative ပါ၊ ဒီည စာရင်းမှာ ပါမယ့်စာရင်းပါ။ ဒါပေမဲ့ ကျန်းမာရေး ဝန်ထမ်းတွေ ဖြစ်တယ်။ အလုပ်ပြန်ဝင်ရမယ့်သူတွေ ဖြစ်တော့ ကျမ အစောကြီး အဖြေပေးလိုက်ပါတယ်။ ဝန်ထမ်းအင်အား လျော့ကျတဲ့အချိန်ဆိုတော့ သူတို့လည်း စိတ်ပူနေတယ်” လို့ ပြောပါတယ်။
အမျိုးသမီးနှင့်ကလေးဆေးရုံကြီးက ကျန်းမာရေး ဝန်ထမ်း ၂၆ ဦးနဲ့ စဝ်စံထွန်းဆေးရုံက ကျန်းမာရေးဝန်ထမ်း ၁၁၈ ဦးကို ဒီဇင်ဘာလ ၈ ရက်နေ့က ဓာတ်ခွဲနမူနာယူပြီး စစ်ဆေးရာ အားလုံး ရောဂါပိုးမတွေ့ဘူးလို့ ဆိုပါတယ်။
အဆိုပါကျန်းမာရေးဝန်ထမ်းတွေဟာ ရန်ကုန်မှာ သွားပြီးကူညီတဲ့ ကျန်းမာရေးဝန်ထမ်းနဲ့ ထိတွေ့ထားသူတွေဖြစ်ပြီး လူနာတွေ များလာတာကြောင့် တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံမှာ ဝန်ထမ်းအင်အား လုံလောက်မှုမရှိဘူးလို့ သိရပါတယ်။
“လုံလောက်မှု အနေအထားက ပွင့်ပွင့်လင်းလင်း ပြောရင်မရှိဘူး၊ ကျမတို့က ရန်ကုန်ကိုလည်း ပြည်နယ်ကော ဆေးရုံကော အင်အားသွားဖြည့်ရတယ်၊ နောက်ပြီး ကိုဗစ်လူနာ တအားများလာတယ်၊ ဒီမှာ အထူးကြပ်မတ်ကုသဆောင်က ၁ နဲ့ ၂ ကို ဝန်ထမ်းအင်အား ပေးရတယ်။ သူတို့ပြန်ထွက်ရင် သူတို့က လူနာနဲ့ ထိတွေ့တဲ့အတွက် Quarantine ပြန်ထားရပါတယ်။ အဲဒါကြောင့် ဝန်ထမ်းအင်အား လျော့ကျတယ်။ ဝန်ထမ်းအင်အား မလုံလောက်ဘူး” လို့ ဒေါက်တာပိုပိုလင်းက ပြောပါတယ်။
ဒီဇင်ဘာ ၉ ရက်နေ့လယ်အထိ တောင်ကြီး စဝ်စံထွန်းဆေးရုံမှာ positive လူနာ ၂၉ ဦးနဲ့ အမျိုးသမီးနှင့် ကလေးဆေးရုံမှာ ၄ ဦး ဆေးကုသမှုခံယူနေပြီး ရှမ်းပြည်နယ် တောင်ပိုင်းတခုလုံး ဆေးရုံ ၁၉ ခုမှာ positive လူနာ ၈၃ ဦး ဆေးကုသမှု ခံယူနေပါတယ်။
သတင်း - ခွန်ရာဇာ