မူဆယ်တွင် မြန်မာဆန်ကုန်သည်များ ဆန်ဖိုးငွေ ကျပ် သိန်း ၂၆,၀၀၀ လိမ်လည်ခံရ
DVB
·
December 9, 2020
တရုတ်-မြန်မာနယ်စပ် မူဆယ်မှာ မြန်မာဆန်ကုန်သည်တွေ ဆန်ဖိုးငွေ ကျပ်သိန်းပေါင်း ၂၆,၀၀၀ လိမ်လည်ခံရမှုကို သံတမန် နည်းလမ်းအရ ဆောင်ရွက်ပေးဖို့ အစိုးရကို တင်ပြတောင်းဆိုသွားမယ်လို့ မူဆယ်ဆန်စပါး ကုန်စည် ဒိုင်တာ၀န်ရှိသူက ပြောပါတယ်။
မူဆယ် ဆန်စပါး ကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက “မကြာခင်မှာ အစည်းအဝေးလုပ်မယ်။ အစည်းအဝေးလုပ်ပြီးတော့ ငွေပါသွားတဲ့ ဆန်ကုန်သည်စာရင်းကို ကောက်မယ်။ ပြီးရင် စီးပွားကူးသန်း၀န်ကြီးဌာနကို တင်ပြမယ်၊ အဲဒီကတဆင့် သံတမန်နည်းလမ်းအရ သွားမယ်လို့ စီစဉ်ထားတယ်။ ဒီကုမ္ပဏီကလည်း တရုတ်အစိုးရက တရား၀င်အသိအမှတ်ပြုထားတဲ့ ကုမ္ပဏီ တစ်ခုပဲ” လို့ ပြောပါတယ်။
တရုတ်-မြန်မာ နယ်စပ် မူဆယ် ဆန်စျေးကွက်မှာ တရုတ်နိုင်ငံသား ဆန်ကုန်သည်တစ်ဦးက မြန်မာ ဆန်ကုန်သည်တွေဆီကနေ ငွေကျပ်သိန်းပေါင်း ၂၆,၀၀၀ နဲ့ တရုတ်နိုင်ငံ ရွှေလီအခြေစိုက် ဆန်ကုန်သည်တွေဆီကနေ ကျပ်သိန်းပေါင်း ၈၀,၀၀၀၊ စုစုပေါင်း ကျပ်သိန်းပေါင်း ၁ သိန်းကျော်ကို ကို လိမ်ယူပြီး ထွက်ပြေး တိမ်းရှောင်သွားခဲ့တာဖြစ်ပါတယ်။
ဒါနဲ့ပတ်သက်ပြီး ဆန်အရောင်းအ၀ယ် ပြုလုပ်ရာမှာ စာချုပ်စာတမ်း ခိုင်မာစွာ ချုပ်ဆိုပြီး အကြွေးစနစ်ကနေ လက်ငင်းငွေချေစနစ်ကို ပြောင်းလဲ လုပ်ဆောင်သင့်တယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်း၀ယ်ရေး၀န်ကြီးဌာန တာ၀န်ရှိသူက အကြံပြုတိုက်တွန်းပါတယ်။
သတင်း - စိုးချစ်ချစ်ပိုင်၊ ဓာတ်ပုံ - U Min Thein