ချောက်မြို့နယ်၌ ငွေကျပ်သန်း ၁၅၀၀ ကျော်သုံးပြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဆောင်ရွက်မည်
DVB
·
December 4, 2020
မကွေးတိုင်း၊ ချောက်မြို့နယ်မှာ ပြည်ထောင်စုဘတ်ဂျတ်ငွေနဲ့ တိုင်းဒေသကြီးအစိုးရ ဘတ်ဂျတ်ငွေ စုစုပေါင်း ငွေကျပ် သန်း ၁၅၀၀ ကျော် သုံးစွဲကာ ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ၄၃ ခုကို ဆောင်ရွက်သွားမယ်လို့ ချောက်မြို့ ကျေးလက်လမ်း(မြို့ပြ)ဦးစီးအရာရှိ ဒေါ်မြတ်နိုးဦးက ပြောပါတယ်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုဘတ်ဂျတ်ငွေ ၃၆၈ သန်းကျော် အသုံးပြုပြီး လမ်းလုပ်ငန်း သုံးခု၊ ရေကျော် တံတား သုံးခု စုစုပေါင်း လုပ်ငန်းခြောက်ခုနဲ့ တိုင်းဒေသကြီးဘတ်ဂျတ်ငွေကျပ်သန်း ၁၂၀၀ သုံးပြီး လမ်းလုပ်ငန်း ၂၃ ခု၊ ရေကျော်တံတား ၁၂ စင်း၊ တံတားလုပ်ငန်း Box Culvert သုံးခု စုစုပေါင်း လုပ်ငန်း ၃၇ ခု တည်ဆောက်သွားမယ်လို့ သိရပါတယ်။
ချောက်မြို့ ကျေးလက်လမ်း(မြို့ပြ)ဦးစီးအရာရှိ ဒေါ်မြတ်နိုးဦးက "တိုင်းဒေသကြီး ငွေလုံးငွေရင်းတွေက စီမံကိန်းလုပ်ငန်းတွေအကုန်လုံး ဒီနှစ်ကတော့ မြေသားလမ်းတွေပါ။ ဒီနှစ်မှာတော့ အများစုက လှည်းလမ်းတွေပေါ့။ လှည်းလမ်းတွေကို ကျမတို့ဌာနရဲ့ မူအတိုင်း ၂၀၃၀ ခုနှစ်မှာ ကျေးလက်လမ်းအားလုံးရဲ့ ၈၀ ရာခိုင်နှုန်း၊ လူဦးရေရဲ့ ၉၀ ရာခိုင်နှုန်း ရာသီမရွေး သွားလာ နိုင်တဲ့ လမ်းအဖြစ် အဆင့်မြင့်တင်ဆောင်ရွက်ရမဲ့ ကျေးလက်လမ်းရဲ့မူပေါ့၊ လမ်းမပေါက်သေးတဲ့ ရွာတွေကို ကျမတို့ လျာထားတယ်။ လမ်းမပေါက်သေးတဲ့ ကျေးရွာ ချောက်မြို့နယ်မှာ သိပ်မကျန်တော့ဘူး။"လို့ ပြောပါတယ်။
ကျေးလက်လမ်းဖောက်လုပ်တဲ့လုပ်ငန်းအားလုံးကို လုပ်ငန်းတင်ဒါစနစ်နဲ့ ဆောင်ရွက်သွားမှာ ဖြစ်သလို ကျေးလက်လမ်းဦးစီးဌာန က ဆောင်ရွက်မယ့် လုပ်ငန်းအနည်းစုကို ပစ္စည်းတင်ဒါစနစ်နဲ့ ဆောင်ရွက်သွားမယ်လို့လည်း သိရပါတယ်။
သတင်း - ကိုလင်း(ချောက်)