တရားစွဲဆိုခံရသည့် ဆရာ၊ ဆရာမများကို ကူညီမည်ဟု ဆရာ၊ ဆရာမများအဖွဲ့ချုပ် ထုတ်ပြန်
DVB
·
November 30, 2020
၂၀၂၀ ရွေးကောက်ပွဲမှာ မဲရုံ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဆရာ၊ ဆရာမတွေထဲက တချို့ကို နိုင်ငံရေးပါတီအချို့က တရားစွဲဆိုတာတွေ ရှိလာတဲ့အတွက် ဥပဒေပညာရှင်တွေနဲ့တိုင်ပင်ကာ ကူညီသွားမယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်က နိုဝင်ဘာ ၂၉ ရက်မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ခုလိုတရားစွဲဆိုခံရတာဟာ ဆရာ၊ ဆရာမတွေရဲ့ လုပ်ဆောင်ချက်အပေါ် မယုံကြည်တဲ့အတွက် တရားစွဲတဲ့သဘောဖြစ်ပြီး တရားစွဲဆိုခံရတဲ့ ဆရာ၊ ဆရာမတွေမှာ မမှန်မကန်လုပ်ထားတာ မရှိဘူးဆိုတာကို တရားရုံးမှာ ဥပဒေနဲ့အညီ ရင်ဆိုင်သွားမယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်ရဲ့ အတွင်းရေးမှူး ဒေါက်တာဇော်မျိုးလှိုင်က ပြောပါတယ်။
ဒါ့အပြင် မမှန်မကန် စွပ်စွဲ တရားစွဲဆိုမှုတွေကိုလည်း တန်ပြန်တရားစွဲနိုင်ဖို့အတွက် မိတ်ဖက်ညီနောင်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
ရွေးကောက်ပွဲကော်မရှင်အဆင့်ဆင့်ကလည်း တရားစွဲဆိုခံရတဲ့ ဆရာ၊ ဆရာမတွေဟာ တာဝန်နဲ့အညီ ဆောင်ရွက်တယ်ဆိုတာကို ဥပဒေနဲ့အညီရပ်တည်ပေးဖို့ တိုက်တွန်းတယ်လို့လည်း ဒေါက်တာဇော်မျိုးလှိုင်က ပြောပါတယ်။