Home
ဆောင်းပါး
တရုတ်ဒုစရိုက်သမားတွေ ခြေဦးလှည့်လာတဲ့ တာချီလိတ်မြို့ (ဆောင်းပါး)
DVB
·
November 28, 2020
တရုတ်နိုင်ငံသား ဒုစရိုက်သမားတွေဟာ အင်တာနက်ကနေတဆင့် လောင်းကစားလုပ်တာ၊ ငွေကြေးခဝါချတာနဲ့ အွန်လိုင်းကနေ ငွေညစ်နည်း၊ လိမ်လည်နည်းပေါင်းစုံ လုပ်ဆောင်တာတွေကို မြန်မာ-လာအို-ထိုင်း သုံးနိုင်ငံနယ်စပ် ရွှေတြိဂံဒေသ တာချီလိတ်မြို့မှာ အခြေစိုက်ပြီး လုပ်ကိုင်လာနေကြပါတယ်။  တာချီလိတ်မြို့ထဲက ကာစီနိုလောင်းကစားရုံတွေမှာလည်း အရင်နှစ်ပိုင်းတွေက ထိုင်းနိုင်ငံသားတွေသာ လာရောက်ဆော့ကစားကြတာများပေမဲ့ အခုနောက်ပိုင်းမှာတော့ ခေါင်းတုံးပြောင်ပြောင် မျက်လုံးမှေးမှေးနဲ့ တရုတ်နိုင်ငံသားတွေ အများစုကို မြင်တွေ့လာရပါတယ်။ ကာစီနိုမှာ ဖဲဝေလုပ်တဲ့ အမျိုးသမီးတစ်ဦးက “ သူတို့ဘယ်ကငွေတွေရလာလဲတော့မသိဘူး၊ တစ်ခါထိုးရင် ဘတ် တစ်သိန်း၊ နှစ်သိန်းထိုးတာတွေကနေ သန်းချီအထိရှိတယ်။ ဟိုတယ်မှာ လနဲ့ချီပြီးတည်းကြတာ” လို့ပြောပါတယ်။ အရင်တုန်းက တာချီလိတ်မြို့ပေါ်က ကာစီနိုတွေကို ထိုင်းနိုင်ငံသားတွေက ပိုင်ဆိုင်တာများပေမယ့် နောက်ပိုင်းမှာတော့ တရုတ်နိုင်ငံသားတွေကလည်း ပိုင်ဆိုင်နေကြပါတယ်။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာက တရုတ်နိုင်ငံသား အမြောက်အမြားကို တာချီလိတ်မြို့က ဟိုတယ်တစ်လုံးမှာ အစုလိုက်အပြုံလိုက် ဖမ်းမိရာကနေ  တရုတ်လူမျိုးတွေ ခြေရှုပ်နေတဲ့ ဇာတ်လမ်းကို မြို့ခံတွေ စတင်သတိထားမိလာပါတယ်။ ဒါပေမဲ့ ဌာနဆိုင်ရာက စိစစ်အရေးယူတာတွေနည်းပါးသလို မှုခင်းဖြစ်ပွားမှသာ လိုက်လံဖမ်းဆီး အရေးယူတာတွေရှိနေတဲ့ အခြေအနေပါ။ "တရုတ်တစ်ယောက် တာချီလိတ်ကို ရောက်ဖို့ဆိုရင် ယွမ်ငွေသုံးသောင်းကနေ ငါးသောင်းကြား ပေါက်ဈေးရှိတယ်” လို့ တရုတ်နိုင်ငံသားတွေကို တာချီလိတ်မြို့တွင်းပို့ဆောင်နေတဲ့ အဖွဲ့အစည်းက အမည်မဖော်လိုသူ တစ်ယောက်က ပြောပြပါတယ်။ အရင်နှစ်တွေတုန်းက လာအိုနိုင်ငံဘက်မှာ ကာစီနိုကိုသွားရောက် ဆော့ကစားတဲ့ တရုတ်လူမျိုးတွေဟာ မြန်မာနိုင်ငံထဲက ပန်ဆန်းနဲ့ မိုင်းလားဧရိယာထဲကတဆင့် မယ်ခေါင်မြစ်ကြောင်းအတိုင်း စုန်ဆင်းပြီးသွားလေ့ရှိပါတယ်။ ဒါပေမဲ့ ၂၀၁၇-၂၀၁၈ ပတ်ဝန်းကျင်လောက်ကစပြီး လာအိုရဲ့ တစ်ဖက်ခြမ်းမှာရှိတဲ့ တာချီလိတ်မြိုဲ့ လမ်းမပေါ် ဥဒဟိုသွားလာနေတာ တရုတ်လူမျိုးတွေကို မြို့ခံတွေက ခပ်စိပ်စိပ် တွေ့လာရပါတယ်။ တရုတ်တွေနဲ့ပတ်သက်တဲ့ အမှုအခင်းတွေလည်း ခပ်စိပ်စိပ် ဖြစ်လာပါတယ်။ မနှစ် နိုဝင်ဘာလထဲမှာတော့ တရုတ်နိုင်ငံသား ၁၈၀ ကျော်ကို ဟိုတယ်တစ်လုံးမှာ အစုလိုက်အပြုံလိုက် ဖမ်းမိခဲ့ပါတယ်။ ဒီနှစ် နိုဝင်ဘာလ ပထမအပတ်ထဲမှာတင် တရုတ်နိုင်ငံသား အချင်းချင်း အခန်းအတွင်း ပိတ်လှောင်ထားပြီး ငွေကြေးရှာဖွေခိုင်းရတဲ့ကိစ္စနဲ့ပတ်သက်လို့ တရုတ်သံရုံးကို တိုင်ကြားရာက ဒေသခံရဲတပ်ဖွဲ့က ရှာဖွေမှုတွေ ပြုလုပ်ခဲ့ရတယ်လို့သိရပါတယ်။  နိုဝင်ဘာလ ဒုတိယအပတ်ထဲမှာလည်း တရုတ်နိုင်ငံသား  အချင်းချင်း ဓားထိုးမှု ထပ်ဖြစ်ပါတယ်။ လောင်းကစားဝိုင်းမှာ ချေးထားတဲ့ငွေကို ပြန်မဆပ်လို့ ဓားနဲ့ ၉ ချက်ထိုးပြီး နေအိမ်တစ်လုံးထဲပိတ်ထားလို့ တာချီလိတ်ရဲတပ်ဖွဲ့က တရုတ်နိုင်ငံသား ၅ ယောက်နဲ့ ဒီအမှုမှာ ပါဝင်ပတ်သက်တဲ့  မြန်မာနိုင်ငံသား ၃ ယောက်ကိုလည်း အမှုဖွင့်အရေးယူထားရပါတယ်။ တရုတ်နိုင်ငံသားတွေဟာ နယ်စပ်မြို့ရဲ့ ဥပဒေတင်းကြပ်မှုနည်းတာကို အခွင့်အကောင်းယူပြီး တာချီလိတ်မြို့ကို အင်တာနက်ကနေတဆင့် လောင်းကစားလုပ်ငန်းအပြင် cryptocurrency နည်းပညာသုံးပြီး ငွေကြေးခဝါချမှုတွေနဲ့ အင်တာနက်ပေါ်က ငွေညစ်နည်း၊ လိမ်လည်နည်းပေါင်းစုံကို တာချီလိတ်မှာ ခြေစိုက်ပြီး လာရောက်လုပ်ကိုင်နေကြတာပါ။ "တရုတ်နိုင်ငံထဲမှာ လူဦးရေ သန်း ၁၆၀၀ ကျော်ရှိတယ် သူတို့ထဲက တစ်ယောက်ကို တစ်ယွမ်ပဲ ရအောင်ယူနိုင်ဦး သူဌေးဖြစ်ပြီလေ” ဒါကတော့ တရုတ်နိုင်ငံသားတွေ အင်တာနက်ပေါ်က လိမ်လည်မှုပြုလုပ်နေတာနဲ့ပတ်သတ်ပြီး စစ်ဆေးတဲ့ ရဲအရာရှိတစ်ဦးရဲ့သုံးသပ်ချက်ပါ၊ တရုတ်နိုင်ငံသားတွေဟာ WeChat ပေါ်ကနေ ငွေကြေးလွှဲပြောင်းကြပြီး ဒေသတွင်းမှာတော့ ရာခိုင်နှုန်းအလိုက် ငွေကြေးပြန်လည်ထုတ်ပေးတဲ့ အဖွဲ့အစည်းတွေလည်း ရှိပါတယ်။ သူတို့တွေကတော့ မြန်မာပြည်ဖွား ငွေကြေးရှင်တွေဖြစ်ပြီး ငွေကြေးလွဲပြောင်းတဲ့လုပ်ငန်းကို ပန်ဆန်း၊ မိုင်းလား၊ ကျိုင်းတုံနဲ့ တာချီလိတ်တွေမှာ အများစုအခြေစိုက်ကြတာဖြစ်ပါတယ်။  ဒေသခံတွေရဲ့ ပြောစကားအရ တာချီလိတ်တစ်မြို့ထဲမှာပဲ တရုတ်လူမျိုး ၁၀,၀၀၀ ကျော် ရှိပြီး ရပ်ကွက်တွေထဲ နေအိမ်အခန်းငှါးနေထိုင်တာတွေအပြင် ဟိုတယ်တွေမှာလည်း နေထိုင်ကြတာပါ။ သူတို့ရဲ့ ကျောထောက်နောက်ခံဟာ ဒေသတွင်း တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေ ပါဝင်တွေသလို ငွေကြေးချမ်းသာတဲ့ မြန်မာပြည်ဖွားတရုတ်နိုင်ငံသားတွေပါဝင်ပါတယ်။ တရုတ်နိုင်ငံသားတွေဝင်လာတဲ့လမ်းကြောင်းတွေကတော့ ပန်ဆန်း- မိုင်းယန်း - ကျိုင်းတုံ- တာချီလိတ်လမ်းကြောင်းရှိသလို မိုင်းလား- မိုင်းယောင်း- မိုင်းဖြတ်- တာချီလိတ်လမ်းကြောင်းနဲ့ မယ်ခေါင်မြစ်ကြောင်းအတိုင်း စုန်ဆင်းလာတဲ့ လမ်းကြောင်းတွေဖြစ်ပါတယ်။ တရုတ်နိုင်ငံသားတွေကို လူကုန်ကူးပေးနေတဲ့ အဖွဲ့အစည်းဟာ ဒေသတွင်း ဂိုဏ်းပုံစံနဲ့ အဖွဲ့ ၈ ဖွဲ့လောက်ရှိပြီး အများစုကိုတော့ ဒေသခံ တိုင်းရင်းသားတွေက သယ်ဆောင်ပေးနေကြတာပါ။ သူတို့ကို ဆိုင်ကယ်ကယ်ရီနဲ့ သယ်လာတာတွေရှိသလို တချို့က ကားတွေနဲ့ ဒေသခံပုံစံအသွင်ယူပြီး သယ်လာတာတွေလည်း ရှိပါတယ်။ ကျိုင်းတုံဧရိယာထဲက တရုတ်နိုင်ငံသားတွေကို အများဆုံးဖမ်းမိတာဟာ ကျိုင်းတုံနဲ့ မိုင်းခတ်လမ်းပေါ်က နမ့်လွေပူးပေါင်းဂိတ်မှာပါ အများစုဖမ်းဆီးရမိတဲ့ပုံစံကတော့ မော်တော်ဆိုင်ကယ်နဲ့ သယ်ဆောင်လာတာတွေရှိသလို လိုင်းကားတွေနဲ့ သယ်ဆောင်လာတာတွေလဲရှိပါတယ်။ ဖမ်းဆီးခံရပြီဆိုရင်တော့ တာဝန်ယူသယ်ဆောင်လာတဲ့သူက ကား (သို့ )ဆိုင်ကယ်တွေထားခဲ့ပြီး ထွက်ပြေးတိမ်းရှောင်ကြသလို အဖမ်းခံရတာတွေလည်း ရှိပါတယ်။ တရုတ်နိုင်ငံသား ဝင်ရောက်မှုဟာ ကျယ်ကျယ်ပြန့်ပြန်ရှိနေသလို လစဉ်လတိုင်း ဖမ်းဆီးရမိမှုဟာလည်း အမြဲတမ်းလိုလိုရှိနေတာပါ။ နိုဝင်ဘာ ၁၇ ရက် မနက်ခင်းမှာတင် တာချီလိတ်မြို့အဝင် မယ်ယန်းဂိတ်မှာ တရုတ်နိုင်ငံသား ၈ ယောက်ကို တရားမဝင်ဝင်ရောက်မှုနဲ့ ဖမ်းဆီးပြီး စစ်ဆေးနေပါတယ်။ အခုဆိုရင် တရုတ်နိုင်ငံသားတွေဟာ တာချီလိတ်မြို့ထဲက ကာစီနိုတွေနဲ့ လာအိုဘက်ခြမ်းမှာရှိတဲ့ Kings Romans ကာစီနိုကို မယ်ခေါင်မြစ်ကြောင်းဖြတ်ပြီး  ဥဒဟို သွားရောက်နေကြတာဖြစ်ပြီး ဖြတ်သန်းခ တစ်ဦးကို ထိုင်းဘတ်ငွေ ၃၀,၀၀၀ ပေးရတယ်လို့ လာအိုဘက်ခြမ်းနေ မြန်မာလူမျိုးတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရတဲ့ တရုတ်နိုင်ငံသားတွေဟာ ပြစ်ဒဏ်ကျခံပြီးရင် တရုတ်နိုင်ငံဘက်ကို ပြန်လည်လွှဲပြောင်းပေးရပါတယ်။ လွှဲပြောင်းတဲ့နေရာမှာ အရင်တုန်းကတော့ အထူးဒေသ(၂)နဲ့ အထူးဒေသ (၄) ဧရိယာအထိပဲ လွှဲပြောင်းပေးရပေမယ့် ကိုဗစ်-၁၉ ရောဂါကြောင့် နောက်ပိုင်းမှာ ရွှေလီနဲ့ ချင်းရွှေဟော်နယ်စပ်တွေအထိ သွားရောက်လွှဲပြောင်းပေးရပါတယ်။  မကြာသေးခင်ကာလက တာချီလိတ်မြို့ထဲက "ဝ”တပ်ဖွဲ့ပိုင် ဝိန်းကျောက်ရပ်ကွက်ထဲက မြေဧရိယာပေါ်မှာ နိုင်ငံတကာအဆင့်မီ အိမ်ရာအပါအဝင် ဟိုတယ်ကြီးတစ်လုံးဆောက်လုပ်နေပြီး ဒီထဲမှာ လာရောက်အလုပ်လုပ်နေတဲ့ တရုတ်နိုင်ငံသားတွေလည်း အများအပြားရှိနေကာ လုံခြုံရေးတင်းကြပ်ထားတယ်လို့ သွားရောက်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားတွေက ပြောပါတယ်။ ဒီလုပ်ငန်းခွင်ထဲသွားရောက်အလုပ်လုပ်တဲ့ မြန်မာအလုပ်သမားတစ်ဦးက "ကျနော်တို့ကို အဲ့ဒီဧရိယာထဲရောက်ရင် ဓာတ်ပုံရိုက်ခွင့် ဖုန်းသုံးခွင့်မပြုတော့ဘူး၊ အလုပ်လုပ်တဲ့နေရာမှာလည်း  စောင့်ကြည့်ထားတဲ့သူတွေရှိတယ်။ အများစုက တရုတ်စကားပြောနေကြတာပဲ တရုတ်တွေပဲ မြင်ရတယ်” လို့ပြောပါတယ်။ ကရင်ပြည်နယ်၊ မြဝတီမြို့က ရွှေကုက္ကို စီးပွားရေးဇုန်ပုံစံလိုမျိုး တည်ဆောက်နေတာဖြစ်ပြီး ဒီလုပ်ငန်းတွေနဲ့ပတ်သတ်လို့ "ဝ”တပ်ဖွဲ့က တာဝန်ယူတည်ဆောက်နေတာဖြစ်တယ်လို့ သိရပါတယ်။ ရွှေကုက္ကိုစီမံကိန်းဟာ တရုတ်အစိုးရက ဆောင်ရွက်နေတဲ့ ရပ်ဝန်းနှင့်လမ်းမ စီမံကိန်းကြီးနဲ့ သက်ဆိုင်မှုမရှိကြောင်းနဲ့ ဒီစီမံကိန်းမှာပါဝင်ပတ်သက်နေတဲ့ တရုတ်ကုမ္ပဏီတွေဟာလည်း တရုတ်ပြည်မကြီးက မဟုတ်ဘူးလို့  မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာချန်ဟိုင်က ပြောထားဖူးပါတယ်။  လက်ရှိတာချီလိတ်မှာ အကောင်အထည်ဆောက်လုပ်နေတဲ့ အလားတူ စီမံကိန်းတွေမှာလည်း တရုတ်ကုမ္ပဏီတွေ ပါဝင်ပတ်သက်မှုရှိမရှိ၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က တရားဝင်ခွင့်ပြုထားတဲ့ စီမံကိန်းဟုတ် မဟုတ်၊ အစိုးရ တရားဝင်ခွင့်ပြုထားတဲ့ လုပ်ငန်းတွေ ဟုတ်မဟုတ်ဆိုတာ ပွင်းလင်းမြင်သာမှုမရှိပါဘူး။  အဆိုပါလုပ်ငန်းခွင်နဲ့ ပတ်သက်သက်ပြီး စုံစမ်းမေးမြန်းကြည့်ရာမှာတော့ သက်ဆိုင်ရာအာဏာပိုင်တွေက အသေသေချာချာဖြေကြားခြင်းမရှိကြဘဲ အစိုးရအဆင့်က လုပ်ဆောင်တာလို့သာ ပြောပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လက်ရှိအချိန်မှာတော့ တာချီလိတ်မြို့ဟာ တရုတ်နိုင်ငံသားတွေနဲ့ ပတ်သက်တဲ့ စီးပွားရေးဇုန်တစ်ခုလိုဖြစ်လာနေပြီး၊ လောင်းကစားမှုတွေ၊ ငွေကြေးခဝါချမှုတွေ၊    မူးယစ်ဆေးဝါးမှု၊ ဒုစရိုက်မှုတွေနဲ့ ရာဇဝတ်မှုတွေထူပြောလာတဲ့ မြို့ကြီး သဖွယ်ဖြစ်လာနေတဲ့အတွက် ဒေသခံတိုင်းရင်းသားပြည်သူတွေရဲ့ ဘေးကင်းလုံခြုံရေးနဲ့ အာဏာပိုင်တွေရဲ့ တရားဥပဒေစိုးမိုးရေးဆောင်ရွက်ချက်တွေ အပေါ် စိန်ခေါ်နေတဲ့ အခြေအနေမှာ  ရောက်ရှိနေပြီဖြစ်ပါတယ်။ ကိုဇက်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024