Homeမြန်မာသတင်း
ကာကွယ်ရေးဦးစီးချုပ် အနားယူရန်ကိစ္စ ၂၀၀၈ဖွဲ့စည်းပုံကို ကျော်လွန်ဆောင်ရွက်မည်မဟုတ်ဟုဆို
ကာကွယ်ရေးဦးစီးချုပ် အနားယူရန်ကိစ္စ ၂၀၀၈ဖွဲ့စည်းပုံကို ကျော်လွန်ဆောင်ရွက်မည်မဟုတ်ဟုဆို
ဖြိုးသက်ပိုင်မြင့် (နေပြည်တော်)
·
November 27, 2020
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေနဲ့ ရာထူးကနေ အနားယူဖို့၊ မယူဖို့နဲ့ပတ်သက်လို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက်တွေကို ကျော်လွန်ပြီး ဆောင်ရွက်မှာမဟုတ်ဘူးလို့ တပ်မတော်ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
လာမယ့်နှစ်ထဲမှာ အသက် ၆၅ နှစ်ပြည့်တော့မယ့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနားယူ/မယူ၊ သက်တမ်းထပ်တိုးဖို့ ရှိ/ မရှိ နဲ့ ပတ်သက်ပြီး မေးခွန်းထုတ်နေကြတဲ့ အပေါ် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဒီနေ့ နိုဝင်ဘာ ၂၇ ရက်မနက်က နေပြည်တော်မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဖြေကြားတာဖြစ်ပါတယ်။
“ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ်မှာလည်း သက်ဆိုင်ရာများ ပြဋ္ဌာန်းပြီး ဖြစ်ပါတယ်။ အဲ့ဒီအချက် ၂ ချက်ထဲက အတိုင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ကျော်လွန်ဆောင်ရွက်စရာမရှိပါဘူး” လို့ ပြောပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ခန့်ထားမှုနဲ့ ပတ်သက်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေအခန်း (၇) တပ်မတော်အခန်းထဲက ပုဒ်မ (၃၄၂) မှာ နိုင်ငံတော်သမ္မတသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရဲ့ အဆိုပြုထောက်ခံချက်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ခန့်အပ် တာဝန်ပေးရမယ်ဆိုပြီး ပြဋ္ဌာန်းထားတာပါ။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ သက်တမ်းနဲ့ ပတ်သက်ပြီးတော့ သီးသန့်ထည့်သွင်း ပြဋ္ဌာန်းထားတာတော့မရှိပဲ တပ်မတော်ဥပဒေတွေမှာသာ ပြဋ္ဌာန်းထားတာဖြစ်ပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ သက်တမ်းထပ် တိုးမတိုးနဲ့ ပတ်သက်ပြီး အစိုးရအခင်းအကျင်းအသစ် ပေါ်ထွက်လာပြီးနောက်ပိုင်းမှသာ အတိအကျ ပြောလို့ရမယ်လို့လည်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက “အခုကာလဟာ ရွေးကောက်ပွဲမှာအစိုးရဖွဲ့နိုင်ဖို့ ကိုယ်စားလှယ်လောင်းများပါတီအနေနဲ့က အစိုးရဖွဲ့နိုင်ဖို့ ဆောင်ရွက်နေတဲ့ ကာလဖြစ်ပါတယ်။ ဘယ်လိုနိုင်ငံရေးအခင်းအကျင်းမျိုးဖြစ်လာမယ်ဆိုတာ ကျနော်တို့လည်း မသိသေးပါဘူး။ ဒီကိစ္စတွေပြီးဆုံးမှ ဒီမေးခွန်းရဲ့ အဖြေဟာ တိတိကျကျရရှိလာမှာဖြစ်ပါတယ်” လို့ ပြောပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေနဲ့ ၂၀၁၆ ခုနှစ်က အသက် ၆၀ ပြည့်မြောက်ခဲ့ချိန်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးအတွက် တစ်ကြိမ် သက်တမ်းတိုးခဲ့ပြီး လက်ရှိအချိန်မှာလည်း ထပ်မံ သက်တမ်းတိုးဖွယ်ရှိတယ်လို့ သတင်းတွေလည်း ထွက်ပေါ်နေတာဖြစ်ပါတယ်။
ဓာတ်ပုံ- DSINFO