Homeမြန်မာသတင်း
အောက်ဆိုက်ကားပေါ်မှ ပြုတ်ကျပြီး ကျွန်းတောထဲ ပစ်ထားခံရသည့်မိန်းကလေး အင်းစိန်ရဲစခန်း၌ အမှုဖွင့်
အောက်ဆိုက်ကားပေါ်မှ ပြုတ်ကျပြီး ကျွန်းတောထဲ ပစ်ထားခံရသည့်မိန်းကလေး အင်းစိန်ရဲစခန်း၌ အမှုဖွင့်
ရန်နိုင်ဇော်ဝင်း
·
November 25, 2020
အောက်ဆိုက်ကား(ကြားကားပေါ်က)ကနေ ပြုတ်ကျပြီး ပြည်တော်သာကျွန်းတောထဲမှာ ပစ်ထားခံခဲ့ရတဲ့ အသက် ၂၂ အရွယ် မဇွန်ပန်းရုံရဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အင်းစိန်ရဲစခန်းမှာ အမှု ဖွင့်ထားတယ်လို့ အင်းစိန်မြို့နယ် ရဲစခန်းမှူးက ပြောပါတယ်။
အင်းစိန်မြို့နယ် ရဲစခန်းမှူး ဦးတင်လတ်က “လက်ရှိ အခြေအနေအထိတော့ ပြစ်မှုကျူးလွန် ထားတဲ့ ကားကို တွေ့ရှိပြီးဖြစ်ပေမယ့် ကျူးလွန်သူတွေကိုတော့ မဖမ်းမိသေးဘူး”လို့ ဒီဗွီဘီကို ပြောပါတယ်။
ကားပေါ်ကပြုတ်ကျသူ မဇွန်ပန်းရုံကိုတော့ အင်းစိန်ဆေးရုံကနေ မြောက်ဥက္ကလာဆေးရုံကို ပြောင်းရွှေ့ကုသနေပြီး သတိရလိုက် မရလိုက်ဖြစ်နေကာ ဦးနှောက်ထဲကိုသွေးစိမ့်နေတယ်လို့ မိသားစုဝင်တွေက ဒီဗွီဘီကို ပြောပါတယ်။
နိုဝင်ဘာ ၂၃ ရက် ည ၈ နာရီခွဲလောက်က ဖော့ကန်ကနေ အလုပ်ဆင်းပြီး ပြန်လာတဲ့ မဇွန်ပန်းရုံဟာ အောက်ဆိုက်ကားပေါ်ကနေပြုတ်ကျပြီး သတိမေ့နေတာပါ။
နောက်မိနစ်အနည်းငယ်ကြာမှ အောက်ဆိုက်ကားပြန်လာပြီး ပြည်တော်သာ ကျွန်းတောထဲမှာ ဒဏ်ရာရမိန်းကလေးကို စွန့်ပစ်ထားခဲ့လို့ ပရဟိတအဖွဲ့တဖွဲ့က ကယ်ဆယ်ပြီး အင်းစိန်ဆေးရုံကို ပို့ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ အောက်ဆိုက်ကား(ကြားကားပေါ်က)ပြေးဆွဲသူတွေကို ပုဒ်မ ၃၃၈ ပြင်းထန်နာကျင်စေမှု၊ ပုဒ်မ ၂၀၂ ပြစ်မှုထင်ရှားတာကို သတင်းမပေးမှုနဲ့ အင်းစိန်ရဲစခန်းမှာ အမှုဖွင့်ထားတာ ဖြစ်ပါတယ်။