ဝမ်းတွင်းတွင် ရန်ကုန်ကပြန်ကြွလာသည့် သံဃာ ၂ ပါး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ
DVB
·
November 21, 2020
မန္တလေးတိုင်း ဝမ်းတွင်းမြို့နယ်မှာ ရန်ကုန်ကပြန်ကြွလာတဲ့ သံဃာ ၂ ပါးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိတယ်လို့ မြို့နယ်ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။
နိုဝင်ဘာလ ၂၁ ရက်က အခြားတိုင်းဒေသကြီးက ပြန်လာကြသူ ၈ ဦးနဲ့ သံဃာ ၆ ပါးအား RDT test kit နဲ့ ကိုဗစ်၁၉ရောဂါပိုး စစ်ဆေးရာ သံဃာ ၂ ပါးမှာ ပိုးတွေ့ရှိခဲ့တာပါ။
ဝမ်းတွင်းမြို့နယ် ဆေးရုံအုပ်ဆရာဝန်ကြီး ဒေါက်တာဒေါ်ထားထားက "ဟုတ်ပါတယ်၊ ရန်ကုန်က ပြန်ကြွလာကြတာပါ။ အောင်သာရွာက သံဃာ ၁ ပါး၊ ကုက္ကိုခါးလှရွာက သံဃာ ၁ ပါး ပါ။ သံဃာ ၂ ပါးအပါအအဝင် ဆေးရုံမှာ ပိုးတွေ့လူနာ ၄ ဦးရှိပါတယ်။ ၂၄ ဦးကတော့ ကိုဗစ်-၁၉ရောဂါ ပျောက်ကင်းလို့ ဆေးရုံးက ဆင်းသွားပါပြီ" လို့ ပြောပါတယ်။
အောင်သာ (မြောက်) ရွာက ဘုန်းတော်ကြီးကျောင်းက သံဃာ ၁ ပါးနဲ့ ကုက္ကိုခါးလှရွာဘုန်းတော်ကြီးကျောင်းက သံဃာ ၁ ပါးတို့ဟာ ရန်ကုန်မြောက်ဥက္ကလာပရှိ ဘုန်းတော်ကြီးကျောင်းစာသင်တိုက် ၁ ခုက ပြန်ကြွလာကြတာပါ။
ဝမ်းတွင်းမြို့နယ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၈ ဦးရှိပြီး ၂၄ ဦးကတော့ ရောဂါပျောက်ကင်းသွားလို့ ဆေးရုံးက ဆင်းခွင့်ပြုခဲ့ပါတယ်။
ဝမ်းတွင်းမြို့နယ်မှာ Quarantine စင်တာ ၉၀ ကျော်ရှိတဲ့အနက် ၄၀ ကျော်မှာ Quarantine ဝင်နေသူ ၈၀ ကျော်ရှိတယ်လို့ သိရပါတယ်။
မောင်မောင်လင်း