Home
မြန်မာသတင်း
ဝမ်းတွင်းနှင့် မြစ်သားမြို့နယ်၌ တောင်သူ ၂၉၈ ဦးကို သီးနှံဆုံးရှုံးမှု လျော်ကြေး ကျပ် သိန်း ၄၈၀ ပေးအပ် 
DVB
·
November 18, 2020
မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်နဲ့ မြစ်သားမြို့နယ်တို့မှာ လျှပ်စစ်မြစ်ရေတင်စီမံကိန်းက တောင်သူတွေရဲ့ လယ်ယာမြေအတွင်း ၆၆ ကေဗွီ လျှပ်စစ်မီးကြိုးဆွဲရာမှာ ဓာတ်တိုင်စိုက်တဲ့ နေရာတွေအတွက်  သီးနှံဆုံးရှုံးမှု ကရုဏာကြေး ကျပ်သိန်း ၄၈၀ ကျော် ပေးအပ်ခဲ့ပါတယ်။ နိုဝင်ဘာလ ၁၇ ရက်က ဝမ်းတွင်းမြို့နယ်အုပ်ချုပ်ရေးရုံးခန်းမမှာ ဌာနဆိုင်ရာတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊  တောင်သူတွေ တက်ရောက်သူ ၃၀ ဦးနဲ့ ကရုဏာကြေးပေးအပ်ပွဲ ကျင်းပခဲ့ပြီး မြစ်သားမြို့နယ် ရွှေမုဋ္ဌောဘုရား ဝေယံဘုံမြင့်ဓမ္မာရုံမှာလည်း ဌာနဆိုင်ရာတွေနဲ့ လွှတ်တော်ကိုယ်စားတွေ၊ တောင်သူတွေအပါအဝင် တက်ရောက်သူ ၈၀ ဦးနဲ့ ကျင်းပခဲ့ပါတယ်။ မိတ္ထီလာလွင်ပြင် စိမ်းလန်းစိုပြည်ရေး လျှပ်စစ်မြစ်ရေတင်စီမံကိန်း လက်ထောက်ညွှန်မှူး ဦးမျိုးမင်းထွန်းက “ကရုဏာကြေး ပေးတာပါ၊ သီးနှံစိုက်ပျိုးထားတဲ့ အမျိုးအစားအလိုက် ပိုက်ဆံပေးပါတယ်။ လျှပ်စစ်မီးကြိုးဆွဲရာမှာ တောင်သူတွေရဲ့ သီးနှံစိုက်ခင်းတွေထဲမှာ ဓာတ်တိုင်တွေ စိုက်သွားတဲ့အပေါ်မှာ ကရုဏာကြေးပေးတာပါ။ ဝမ်းတွင်းမြို့နယ်မှာ ကျပ် သိန်း ၃၀၀ ကျော်နဲ့ မြစ်သားမြို့နယ် ကျပ် သိန်း ၁၈၀ကျော်ပေးပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။ ဝမ်းတွင်းမြို့နယ်မှာ ကျေးရွာအုပ်စု ၅ ခုက လယ်ယာမြေကွင်းအလိုက် ကရုဏာကြေး ပေးရာမှာ တောင်သူ ၁၇၄ ဦး ကရုဏာကြေးရကြသလို  မြစ်သားမြို့နယ်မှာ ကျေးရွာအုပ်စု ၂ ခုက လယ်ယာမြေ ကွင်းအလိုက် ကရုဏာကြေးပေးရာမှာ တောင်သူ ၁၂၄ ဦး ကရုဏာကြေး ရကြပါတယ်။ ကုန်းရွာကျေးအုပ်စု အုပ်ချုပ်ရေးမှူးဦးသိန်းဇံက “ကျနော်အုပ်စုထဲက ကွင်းတခုလုံးမှာပါတဲ့ တောင်သူတွေ ပိုက်ဆံရတယ်။ ငရုတ်ခင်း စပါးခင်းတွေက ဓာတ်တိုင် ၁ တိုင် စိုက်ရင် ငါးသောင်း ရတယ်။ နှစ်ရှည်ပင်ဖြစ်တဲ့ သရက်ပင်လိုမျိုးကို ရှစ်သောင်းက တစ်သိန်းအထိ ပေးတယ်။ အုပ်စုကွင်း တခုလုံးအတွက် ကျပ် သိန်း ၁၂၀ ကျော်ရတယ်”လို့ ပြောပါတယ်။ မိတ္ထီလာလွင်ပြင် စိမ်းလန်းစိုပြည်ရေးလျှပ်စစ်မြစ်ရေတင်စီမံကိန်းကို ၂၀၀၄-၀၅ ဘဏ္ဍာရေး နှစ်က စတင်လုပ်ခဲ့တာဖြစ်ပြီး ၂၀၂၂-၂၃ ဘဏ္ဍာရေးနှစ်မှာ အပြီးသတ်လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ သတင်း၊ ဓာတ်ပုံ-မောင်မောင်လင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024