မြစ်ကြီးနား မျက်မမြင်ကျောင်းတွင် ဝန်ထမ်း ၆၀ ကျော်အတွက်လစာပေးရန် အခက်ကြုံနေ
DVB
·
November 17, 2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အေးမြသာယာရပ်ကွက်မှာရှိတဲ့ မျက်မမြင်ကျောင်းမှာ ကိုဗစ်ကပ်ဘေးကာလ ကျောင်းလုပ်သားနဲ့ ဝန်ထမ်း အယောက် ၆၀ ကျော်အတွက် စားဝတ်နေရေး အတော်ခက်ခဲနေပြီး ကျောင်းဝန်ထမ်း လစာတွေပါ မပေးနိုင်တော့ဘူးလို့ မျက်မမြင် ကျောင်းအုပ်ဆရာကြီးက ပြောပါတယ်။
မျက်မမြင်ကျောင်းအတွင်း ကျောင်းဝန်ထမ်း ကျောင်းလုပ်သားနဲ့ ကျောင်းသား ၁၀၀ ကျော် အတွက် အရင်က နေ့စဉ် စားဝတ်နေရေးအတွက် ပြည်တွင်းအလှူရှင်တွေနဲ့ ရပ်တည်ခဲ့ပြီး မျက်မမြင်ကျောင်းအနေနဲ့ မြို့တွင်းလှည့်လည် သီချင်းဆိုတာတွေပြုလုပ်ခဲ့ကာ အလှူရှင် ရှာဖွေခဲ့ပါတယ်။
ကိုဗစ်-၁၉ ကာလမှာ မြို့တွင်းသို့မလှည့်လည်နိုင်ဘဲ အလှူရှင်လာရောက်လှူဒါန်းမှု မရှိသလောက်ဖြစ်ကာ ကျောင်းသူကျောင်းသာတွေးအတွက် လူမှုဝန်ထမ်းဦးစီးဌာနက ထောက်ပံ့ ပစ္စည်း အသင့်အတင့်ရှိပေမယ့်လည်း ဝန်ထမ်းတွေကို လစာပေးနိုင်ဖို့ များစွာအခက်အခဲ ဖြစ်နေတယ်လို့ မျက်မမြင်ကျောင်းအုပ်ဆရာကြီး ဦးလမုန်ကန်ဖန် က ပြောပါတယ်။
"ကျနော်တို့ကျောင်းမှာ အလုပ်သမား ၃၁ ယောက်ရှိတယ်။ လခစား ဝန်ထမ်း ၃၅ ယောက်ရှိ တယ်။ လာမယ့်လကစပြီး လခစားဝန်ထမ်းတွေအတွက် လစာပေးဖို့ရာအခက်အခဲဖြစ်နေပါတယ်။ လစာမပေးနိုင်တော့တဲ့ အခြေအနေကို ဖြစ်နေပါတယ်”လို့ ပြောပါတယ်။
ကချင်ပြည်နယ်မှာ တစ်ကျောင်းတည်းသာရှိတဲ့ မြစ်ကြီးနား မျက်မမြင်ကျောင်းကို ၁၉၈၁ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး အစိုးရဘတ်ဂျက် နိုင်ငံတကာအလှူရှင်တွေ မပါဘဲ ပြည်တွင်းအလှူရှင် တွေနဲ့သာ ရပ်တည်နေခဲ့တာပါ။
ကိုဗစ်ကာလမှာ အစိုးရကျောင်းတွေနည်းတူ ပိတ်ထားတဲ့အတွက် မိဘတွေထံ ပြန်သွားတဲ့ ကျောင်းသားတွေလည်းရှိပြီး မပြန်နိုင်တဲ့ ကျောင်းသားတွေအတွက် အနှိပ်ပညာနဲ့ အခြား လက်မှုပညာတွေလည်း ဆက်လက် သင်ကြားပေးနေတယ်လို့ မြစ်ကြီးနား မျက်မမြင်ကျောင်းထံက သိရပါတယ်။
သတင်း - ထူးထူး (ဗိုလ်ကလေး)