Home
မြန်မာသတင်း
ထိုင်းတွင် မြန်မာရွေ့ပြောင်းလုပ်သား ဇနီးမောင်နှံ ဘတ်ငွေ ၆ သန်းဖိုး ထိုင်းထီပေါက် 
DVB
·
November 17, 2020
နိုဝင်ဘာ ၁၆ ရက်က ထွက်သွားတဲ့ ထိုင်းထီ ပထမဆု ပေါက်ဂဏန်း ၉၇၂၆၆၁ ကို ထိုင်းနိုင်ငံအရှေ့ပိုင်း ရယောင်းခရိုင်က မြန်မာရွှေ့ပြောင်းလုပ်သား ဇနီးမောင်နှံ ပေါက်သွားပြီး ကံထူးရှင်ဖြစ်သွားပါတယ်။  မြန်မာနိုင်ငံ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ် တောပုကျေးရွာက ကရင်တိုင်းရင်းသား ဇနီးမောင်နှံ ကိုကျော်ဝါနဲ့ မစန္ဒာဝင်းတို့ ဇနီးမောင်နှံဟာ ရယောင်းမြို့ နိခုမ်းစက်မှုဇုန်ထဲမှာ ဆောက်လုပ်ရေးအလုပ်သမားအဖြစ် လာရောက်လုပ်ကိုင်နေတာပါ။  သူတို့ဟာ ပြီးခဲ့တဲ့အပတ်က ဈေးသွားရင်း လက်ထဲမှာရှိတဲ့ ဘတ် ၃၀၀ ထဲက ဘတ်၁၀၀ ကို ထီလက်မှတ်တစ်စောင်ဝယ်ပြီး ကျန်တဲ့ ၂၀၀ နဲ့ ဈေးဝယ်ခဲ့ကြောင်း၊ မနေ့ကတော့ သူတို့ထိုး ထားတဲ့ထီ ပထမဆုပေါက်တဲ့အကြောင်း အလုပ်ရှင်သူဌေးမကလာပြောလို့ အရမ်းပျော်သွား တယ်လို့  ထီပေါက်သူ မစန္ဒာဝင်းက ဒီဗွီဘီကို ပြောပါတယ်။  “ထီလက်မှတ်ဝယ်တဲ့နေ့က ရှိသမျှလခတွေ မြန်မာပြည်ကမိဘတွေကို အကုန်ပို့လိုက်လို့ လက်ထဲမှာ ဘတ် ၃၀၀ ဘဲကျန်တယ်။ အဲဒါ ဈေးဝယ်သွားရင်း ထီသည်နဲ့တွေ့လို့ တစ်စောင် ဝယ်လိုက်တာပါ။ ဘာနိမိတ်နဲ့မှ ထိုးတာမဟုတ်ပါဘူး။ သူဌေးမက နင်တို့ထီပေါက်တယ်ပြောတော့ ပျော်သွားတာပေါ့။  ဒီနေ့ဘဲ သူဌေးမရော အေအေစီအဖွဲ့ကပါ လိုက်ပြီးပိုက်ဆံ ထုတ်ပေးတယ်။ မြန်မာပြည်ကို လွှဲပေးတယ်။ ပိုက်ဆံရှိတော့ အမေတို့ကို ကောင်းကောင်းထားမယ်။ အိမ်ကောင်း ကောင်း ဆောက်ပေးမယ်။ အမေနဲ့မခွဲမခွာ ကိုယ့်သားသမီးတွေနဲ့ အတူတူနေရ တော့မှာ ပေါ့နော်၊ သေသွားတဲ့ အဖေနဲ့ အစ်ကိုအတွက် ရည်စူးပြီး ကောင်းမှုကုသိုလ်တွေ လုပ်ပေးမယ်။ ဘာအလုပ်လုပ်မလဲဆိုတာ နောက်မှစဉ်းစားမယ် ထိုင်းမှာတော့ မနေတော့ဘူး။” သူတို့ဟာ ဒီကနေ့ ရခဲ့တဲ့ ဆုငွေ ၆ သန်းအနက် အခွန်ငွေ ဘတ် ၃ သောင်းဆောင်ပြီး မြန်မာငွေ စုစုပေါင်း ကျပ်သိန်းပေါင်း ၂၄၀၀ နီးပါးရခဲ့ပါတယ်။  ဆုငွေ အဆင်ပြေစွာထုတ်ယူလွှဲပြောင်းနိုင်ဖို့ အေအေစီ မြန်မာအလုပ်သမား ကူညီ စောင့်ရှောက်ရေး မဟာမိတ်အဖွဲ့က လိုက်လံဆောင်ရွက်ပေးပြီး ဒီကနေ့ဘဲ မြန်မာပြည်ပြန်ဖို့ လိုက်ပို့ပေးနေတယ်လို့  အေအေစီအဖွဲ့ ဒါရိုက်တာ ဦးခိုင်ကြီးက ဒီဗွီဘီကို ပြောပါတယ်။  “ကျနော်တို့က ကူညီပေးတယ်ဆိုတာက ထီပေါက်တဲ့အလုပ်သမားတွေ ပိုက်ဆံအများကြီး ဆိုတော့လေ လောဘကြီးတဲ့သူတွေ မသမာသူတွေတွေ့ရင် အန္တရာယ်ရှိမှာစိုးလို့ မြန်မာပြည်ကို ချောမွေ့စွာငွေလွှဲနိုင်အောင်လို့ အဖွဲ့အနေနဲ့ လိုက်လုပ်ပေးတာပါ။ သူတို့က ထီပေါက်တဲ့အကြောင်း ဆက်သွယ်လာတော့ လက်မှတ်တွေကိုအရမ်းမထိုးနဲ့လို့မှာရင်းနဲ့ သူက လုပ်ငန်းရှင်ကို လက်မှတ်ထိုးခိုင်းတဲ့အတွက် စိတ်ချရအောင် လိုက်လုပ်ပေးတာပါ။ သူတို့အလုပ်ရှင်ကလည်း သဘောကောင်းတာကိုတွေ့ရပါတယ်။ ငွေလိုက်ထုတ်ပေးတယ်၊ သူတို့လည်း သူဌေးမကိုကန်တော့ပြီး ညနေကျရင် မြန်မာပြည်ကိုပြန်တော့မှာ ၊ အခုလမ်းပေါ်မှာ။”  အေအေစီအဖွဲ့အနေနဲ့ ထီပေါက်တဲ့ မြန်မာအလုပ်သမားတွေကို လိုက်လံ ကူညီပေးနေတာ ဒီတစ်ခေါက်ပါဆိုရင် ပထမဆု ပေါက်သူပေါင်း ၂၁ ဦးရှိသွားပြီဖြစ်ပြီး  အားလုံးပေါင်း မြန်မာငွေ ဘတ် သိန်းပေါင်း ၂၁ သောင်းလောက် မြန်မာပြည်ထဲပြန်ဝင်သွားလို့  ကျေနပ်ဝမ်းမြောက်မိကြောင်း ဦးခိုင်ကြီးက ပြောပါတယ်။ 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024