ဖူဆယ်ကစားသမားများ မန္တလေး ဧရာဝတီစင်တာတွင် စေတနာ့ဝန်ထမ်းအဖြစ် ကူညီမည်
DVB
·
November 14, 2020
ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာတွေထားတဲ့ မန္တလေးက ဧရာဝတီစင်တာကို ဖူဆယ်ဘောလုံးကစားသမား ၂၀ စေတနာ့ဝန်ထမ်းအဖြစ် သွားရောက် ကူညီပေးသွားမယ်လို့ သိရပါတယ်။
မန္တလေးမြို့ မန္တလာသီရိအားကစားကွင်းထဲမှာ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာတွေထားဖို့ လုပ်ဆောင်ထားတဲ့ ဧရာဝတီစင်တာမှာ လူနာတွေ ထားရှိနေပြီဖြစ်ပြီး အဲဒီမှာ စေတနာ့ဝန်ထမ်းတွေ လိုအပ်နေပါတယ်။
ဒီလို စေတနာ့ဝန်ထမ်း လိုအပ်နေတဲ့အတွက် မန္တလေးက ဖူဆယ်အသင်းတွေမှာ ကစားနေတဲ့ ကစားသမား အယောက် ၂၀ ဟာ သူတို့ဆန္ဒအတိုင်း စေတနာ့ဝန်ထမ်းအဖြစ်လုပ်ဆောင်ဖို့ မန္တလေးတိုင်းဒေသကြီး ဖူဆယ်ဆပ်ကော်မတီကတဆင့် ဘောလုံးအဖွဲ့ချုပ်ကို တင်ပြလုပ်ဆောင်ခဲ့တာလို့ တိုင်းဖူဆယ်ဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်လွင်လေးက ပြောပါတယ်။
ဧရာဝတီ ကိုဗစ် - ၁၉ ကုသရေးစင်တာ (မန္တလေး) မှာ နိုဝင်ဘာ ၁၃ ရက်ထိ ပိုးတွေ့လူနာ ၁၈၅ ဦး တက်ရောက်ကုသနေပြီး ဆရာဝန် သူနာပြု စေတနာ့ဝန်ထမ်း ၁၇၀ ဦးက ကူညီပေးနေတယ်လို့ သိရပါတယ်။
မန္တလေးတိုင်းဒေသကြီးမှာ နိုဝင်ဘာ ၁၂ ရက်နေ့အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၈၂၅ ဦးရှိပြီး သေဆုံးသူ ၁၈ ဦးထိရှိပြီဖြစ်ကာ လက်ရှိ ဆေးရုံတက်နေရသူကတော့ ၇၇၃ ဦး ရှိတယ်လို့ တိုင်းအစိုးရအဖွဲ့ က ထုတ်ပြန်ထားပါတယ်။