နေပြည်တော်ရှိ တပ်မဲရုံအချို့တွင် အန်အယ်လ်ဒီမဲ အနည်းငယ်ရရှိ
DVB
·
November 8, 2020
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးအခြေစိုက်ရာ နေပြည်တော်၊ ဇေယျာသီရိမဲဆန္ဒနယ်က တပ်မဲရုံအချို့မှာ အန်အယ်လ်ဒီပါတီကို မဲပေးခဲ့တဲ့ မဲအရေအတွက်နည်းနည်း ရရှိခဲ့ပါတယ်။
ဇေယျာသီရိမဲဆန္ဒနယ်မှာ တပ်မဲရုံ ၂၆ ရုံရှိပြီး အနော်ရထာမဲရုံ ၈ မှာ နေ့လယ် ၂ နာရီက ဆန္ဒမဲတွေ ရေတွက်ပြီးစီးခဲ့ပါတယ်။
အနော်ရထာမဲရုံ ၈ မှာ ရေတွက်ပြီးတဲ့ မဲရလဒ်တွေအရ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်း ဦးသန်းဌေးက ၂၃၇ မဲ ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားလှယ်လောင်း ဒေါက်တာမိုးဆွေက ၃ မဲ၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်း ဦးခင်မောင်ဌေးက ၂၅၁ မဲ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်း ဦးမောင်မောင်ဆွေက ၆ မဲ အသီးသီးရရှိခဲ့ကြတာပါ။
အခုလို တပ်မဲရုံတွေမှာ အန်အယ်လ်ဒီ ပါတီမဲ ရရှိလာတာဟာ တပ်မဲရုံတွေကို အပြင်ထုတ်လိုက်တာရဲ့ ရလဒ်ကြောင့်ဖြစ်တယ်လို့ အန်အယ်လ်ဒီ အမတ်လောင်း ဦးမောင်မောင်ဆွေက ပြောပါတယ်။
ဇေယျာသီရိမြို့နယ်မှာ မဲပေးခွင့်ရှိသူ ၈၂,၄၉၀ ယောက် ရှိပြီး မဲရုံ ၇၄ ရုံရှိတယ်လို့ သိရပါတယ်။
တရားဝင်မဲရလဒ်တွေကိုတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အတည်ပြု ထုတ်ပြန်မှာ ဖြစ်ပါတယ်။