မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ပူတာအို-နောင်မွန်လမ်း သွားလာရေး အခက်အခဲကြုံနေ
DVB
·
November 2, 2020
အောက်တိုဘာ ၃၁ ရက်နေ့ကစတင်ပြီး မိုးအဆက်မပြတ် ရွာနေတာကြောင့် ကချင်ပြည်နယ်အတွင်း ပူတာအို-နောင်မွန်လမ်းမှာ သွားလာရေး အခက်အခဲ ကြုံနေတယ်လို့ ယာဉ်မောင်းတဦးက ပြောပါတယ်။
ပူတာအို-နောင်မွန်လမ်းဟာ မိုးရွာတဲ့နေ့တိုင်းလိုလို လမ်းခရီးကြန့်ကြာနေပြီး ခရီးသွားပြည်သူတွေလည်း လိုရာခရီးကို မရောက်နိုင်ကြဘူးလို့ ယာဉ်မောင်းတဦးဖြစ်တဲ့ ကိုသွဒ်က ပြောပါတယ်။
“ခရီးသွားတွေ မိုးရွာတိုင်း ဒုက္ခရောက်တဲ့နေရာက ထန်းဂါးရွာအကျော် မြေသားလမ်းကို ဖြတ်ကျော်ရတဲ့နေရာပါ၊ ကားတွေ ချော်ပြီး လမ်းပိတ်တယ်၊ မိုးရွာတဲ့နေ့တိုင်း ခုလိုပဲ စောင့်ဆိုင်းနေရပါတယ်။ တာ၀န်ရှိသူတွေအနေနဲ့ ပူတာအို-နောင်မွန်လမ်းမကြီးကို အမြန်ဆုံး ကွန်ကရစ်လမ်း ခင်းပေးပေးစေချင်တယ်။”
မိုးရွာတဲ့နေ့တွေမှာ လမ်းပိတ်ဆို့မှု ဖြစ်နေပြီး တာ၀န်ရှိတဲ့သူတွေ လမ်းမရှင်းပေးမချင်း စောင့်နေရတယ်လို့ ဆိုပါတယ်။
ပူတာအို-နောင်မွန် လမ်းမဟာ နောင်မွန်မြို့နယ်၊ ခေါင်လန်ဖူးမြို့နယ်နဲ့ ပန်းနန်းဒင်မြို့တို့ကို ဆက်သွယ်ထားတဲ့ လမ်းမကြီးဖြစ်နေတဲ့အတွက် ဒေသခံပြည်သူတွေရဲ့ ကုန်စည်စီးဆင်းတဲ့ တခုတည်းသော မှီခိုရာ လမ်းမကြီး ဖြစ်ပါတယ်။
သတင်း - ဖေနောင်းအောင်(ပူတာအို)