ဖားကန့်တွင် ဓားထိုးမှုကြောင့် ၁ ဦးသေဆုံး၊ အရန်မီးသတ် ၃ ဦးအပါအဝင် ၄ ဦး ဒဏ်ရာရ
DVB
·
November 2, 2020
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု ကုဋေကျေးရွာမှာ နိုဝင်ဘာ ၁ ရကနေ့ ည ၉ နာရီလောက်က အမျိုးသား ၁ ဦ ဓားနဲ့ လိုက်ထိုးတာကြောင့် အရန်မီးသတ်တပ်ဖွဲ့ဝင် ၃ ဦးအပါအဝင် ၄ ဦး ဒဏ်ရာရခဲ့ပြီး ၁ ဦး သေဆုံးခဲ့တယ်လို့ ဖားကန့်မြို့နယ် မီးသတ်ဦးစီးဌာနက သိရပါတယ်။
မီးသတ်တပ်ဖွဲ့ဝင်တွေ မီးသတ်ဌာနအတွင်း ဂိမ်းကစားနေစဉ်မှာ ကုဋေကျေးရွာနေ ကျော်ခိုင် ဆိုသူက ဓားနဲ့ဝင်ထိုးခဲ့တာဖြစ်ပြီး မီးသတ်သုံးဦးအပြင် အရပ်သားနှစ်ဦးပါ ထပ်မံအထိုးခံရတယ်လို့ မျက်မြင်တွေ့ရှိသူ ကုဋေကျေးရွာ မီးသတ်စာရေး ဦးဇော်မိုးက ပြောပါတယ်။
“မီးသတ်ရုံးထဲကို အော်ကြီးဟစ်ကျယ်နဲ့ဝင်လာတယ်။ ကျနော် အသံကြားလို့ ထွက်ကြည့်တဲ့အချိန်မှာ ငြိမ်နေတယ်။ အပြင်ဘက်က တယောက်တော့ သွားပြီဆိုပြီး ဆူဆူညံညံ အသံတွေကြားလို့ သွားကြည့်တော့ မီးသတ်တယောက် လဲကျနေတယ်။ ဘယ်သူ ရှိသေးလဲလို့ လိုက်ကြည့်တော့ မီးသတ် သုံးယောက် ပျောက်နေတယ်။ တွေ့သမျှလူ အကုန်လုံးကို ဓားနဲ့ လိုက်ထိုးနေတယ်။ နောက်က လိုက်ဆွဲတဲ့ သူ့တပည့်ကို ဓားနဲ့ပြန်ထိုးပစ်တယ်။"
ဓားနဲ့ ထိုးခံရတဲ့ အရန်မီးသတ်တပ်ဖွဲ့ဝင် ၃ ဦးဟာ လုံးခင်းတိုက်နယ်ဆေးရုံနဲ့ ဖားကန့်ဆေးရုံ တွေမှာ အရေးပေါ်လူနာအဖြစ် ဆေးကုသမှုခံယူနေရတယ်လို့ ဖားကန့်မြို့နယ် မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
အရပ်သားနှစ်ဦးမှာလည်း အရေးပေါ်လူနာအဖြစ် ဆေးကုသမှု ခံယူနေစဉ် ဆေးရုံရောက်ပြီး နှစ်နာရီအကြာမှာ တဦး သေဆုံးခဲ့ပါတယ်။ ကျန်တဦးက အရေးအပေါ်အခြေအနေနဲ့ အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူနေတယ်လို့ ဖားကန့်မီးသတ်ဌာနက သိရပါတယ်။
ဓားနဲ့ထိုးခဲ့တဲ့ ကျော်ခိုင်ကို လုံးခင်း နယ်မြေရဲစခန်းက ချက်ချင်းဖမ်းဆီးခဲ့တယ်လို့ ကုဋေကျေးရွာမီးသတ်ရုံးက သိရပါတယ်။
ပြစ်မှုကျူးလွန်သူ ကျော်ခိုင်ကို ကုဋေကျေးရွာ အရန်မီးသတ်တပ်ခွဲ ၃ က တပ်ကြီးရဲထွန်းက တရားလိုလုပ်ပြီး လုံးခင်းနယ်မြေရဲစခန်းမှာ အမှုဖွင့်တိုင်တန်းထားတယ်လို့ ဖားကန့်မြို့နယ် မီးသတ်တပ်ဖွဲ့ရုံးက သိရပါတယ်။
သတင်း၊ ဓာတ်ပုံ - ဇော်မိုးထက်(ဖားကန့်)