Home
မြန်မာသတင်း
ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ၏ ကြိုတင်မဲကို နေအိမ်တွင်သွားရောက်ကောက်ခံမည်  
DVB
·
October 29, 2020
ဗိုလ်ချုပ်မှူးကြီးဟောင်း  ဦးသန်းရွှေ၊ သမ္မတဟောင်း ဦးသိန်းစိန်တို့အပါအဝင် နေပြည်တော် ခြောက်လုံးတန်းမှာ နေထိုင်သူတွေ ရဲ့ ကြိုတင်မဲတွေကို နေအိမ်အရောက် သွားရောက်ကောက်ခံသွားမှာဖြစ်တယ်လို့ ပုဗ္ဗသီရိမြို့နယ်၊ ညောင်ပင်ကြီးစုကျေးရွာရဲ့ ရပ်ကျေးကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌက  ပြောပါတယ်။ နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် အသက် ၆၀‌ ကျော်သူတွေရဲ့ ကြိုတင်မဲတွေကို အောက်တိုဘာ ၂၉ ရက် မနက်က စတင်ပြီး နိုင်ငံတဝန်းရှိ သက်ဆိုင်ရာမဲရုံတွေကနေတဆင့် ကောက်ခံနေပြီဖြစ်ပါတယ်။ ဒီလိုကောက်ခံနေရာမှာ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ညောင်ပင်ကြီးစုကျေးရွာ မဲရုံအမှတ် ၂ မှာ မဲစာရင်းပါရှိတဲ့ ဗိုလ်ချုပ်ကြီးဟောင်းတွေရဲ့ ကြိုတင် ဆန္ဒမဲတွေကိုတော့ သူတို့နေအိမ်အရောက်ကောက်ခံသွားဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။ ညောင်ပင်ကြီးစုကျေးရွာရဲ့ ရပ်ကျေးကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးလှငွေက “သူတို့ကတော့ ဘယ်လိုရယ်တော့မဟုတ်ပါဘူး။ ကျနော်တို့က အိမ်ကိုတမင်သွားပြီးတော့ အကြီးအကဲတွေဆိုတော့ ရိုသေသမှုနဲ့ အိမ်ကိုသွားပြီးတော့ ကြိုမဲယူမယ်လို့ အဲ့လိုစဉ်းစားထားတာပါဗျ။ သူတို့ကတော့ ဘယ်လိုပုံစံရယ်လို့မပြောဘူးပေါ့။ လာပေးရင် အဆင်ပြေလောက်တယ်ပုံစံမျိုးပြောတယ်”လို့ ပြောပါတယ်။ ဗိုလ်ချုပ်ကြီးဟောင်းတွေနေထိုင်တဲ့ ခြောက်လုံးတန်းအိမ်ရာအထိ ကြိုတင်မဲကို သွားရောက်ကောက်ခံဖို့ ကော်မရှင်အဖွဲ့ခွဲတာဝန်ရှိသူတွေက စီစဉ်ထားပေမဲ့  ဗိုလ်ချုပ်ကြီးဟောင်းတစ်ဦးဖြစ်တဲ့ လက်ရှိ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းကတော့ အောက်တိုဘာ ၂၉ ရက်မနက်ပိုင်းမှာပဲ ကြိုတင်မဲလာရောက်ပေးခဲ့ပါတယ်။ တခြာ ဗိုလ်ချုပ်ကြီးဟောင်းတွေကတော့ ကြိုတင်မဲလာပေးဖြစ်မဖြစ် အကြောင်းကြားထားခြင်းမရှိသေးဘူးလို့လည်း ဆိုပါတယ်။ “ သူတို့က အပြင်အတွင်းမဝင်ရ၊ အတွင်းအပြင်မထွက်ရ စည်းလေးတွေရှိတယ်ဗျ။ ဒါကြောင့် ကျနော်တို့ ကိုယ်တိုင်အဖွဲ့နဲ့သွား ပြီးတော့ အိမ်ရောက်အောင်မဲသွားထည့်ခိုင်းပါမယ်ဗျ။ ဘယ်နေ့ဘယ်ရက်ဆိုတာတော့ မြို့နယ်ကအဆင်ပြေတဲ့ ရက်ကို လုပ်မှာ”လို့လည်း ဦးလှငွေကပြောပါတယ်။ ရှားပင်ကုန်းအဝိုင်းအနီးမှာရှိတဲ့ ခြောက်လုံးတန်းအိမ်ရာမှာ ယခင်နဝတ စစ်အစိုးရ ခေါင်းဆောင်တွေဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ၊ ဒုတိယဗိုလ်ချုပ်မှူးကြီးဟောင်း ဦးမောင်အေး၊ ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် ၊ သူရဦးရွှေမန်း ၊ သီဟသူရဦးတင်အောင်မြင့်ဦး၊ ဦးတင်အေးတို့ နဲ့ မိသားစုဝင်တွေ နေထိုင်နေကြတာဖြစ်ပါတယ်။ ဖြိုးသက်ပိုင်မြင့် (နေပြည်တော်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024