ပြည်ပတွင် မဲပေးနှုန်း လျော့ကျဟု အတိုင်ပင်ခံပုဂ္ဂိုလ်ပြော
DVB
·
October 24, 2020
ပြည်ပမှာ မဲပေးတဲ့နှုန်းဟာ အရင်ရွေးကောက်ပွဲနဲ့ယှဉ်ရင် လျော့သွားတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြောပါတယ်။
မနေ့က ကိုဗစ်နဲ့ပတ်သက်လို့ ပြည်သူကို အစီရင်ခံတဲ့ မိန့်ခွန်းမှာ ပြောခဲ့တာဖြစ်ပြီး ကိုဗစ်ရောဂါကြောင့် လျော့သွားတာ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။
“အရင် ၂၀၁၅ နဲ့စာရင် မဲပေးဖို့ စာရင်းထည့်ထားတဲ့ ပြည်သူတွေရဲ့ မဲပေးဖြစ်တဲ့ ရာခိုင်နှုန်းကတော့ ၂၀၁၅ နဲ့စာရင် ကျလာပါတယ်။ ၂၀၁၅ တုန်းကဆိုရင် ၇၅ ရာခိုင်နှုန်းက မဲပေးဖြစ်တယ်။ အခုအချိန်မှာတော့ ၆၉ ရာခိုင်နှုန်းက မဲပေးပါတယ်။ သို့သော် ကိန်းဂဏန်းအရ အားလုံး စုပေါင်းလိုက်မယ်ဆိုရင် ၃ ဆလောက် ပိုပြီးတော့ မဲပေးပါတယ်။ အများက မဲပေးဖို့ လိုလားပြီးတော့ မဲဆန္ဒရှင်တွေကနေ နိုင်ငံခြားသံရုံးတွေမှာ ပုံစံ-၁၅ တွေ ထုတ်ထားပေမယ့်လည်း မဲလာမပေးနိုင်တဲ့ ပြည်သူတွေရှိခဲ့ပါတယ်။ ဒါက အဓိကအားဖြင့် ကိုဗစ်ရဲ့ အခက်အခဲကြောင့်လို့ ကျွန်မတို့ ထင်ပါတယ်” လို့ ပြောပါတယ်။
ပုံစံ - ၁၅ ထုတ်တယ်ဆိုတာ မဲပေးချင်တဲ့ စိတ်ဆန္ဒရှိလို့ ထုတ်တယ်လို့ နားလည်ပြီး တချို့နိုင်ငံတွေမှာဆိုရင် မဲသွားပေးဖို့ကို အခြေအနေ တော်တော်ခက်ခဲတယ်လို့ သူက ပြောပါတယ်။
နိုင်ငံခြားကမဲပေးသူ လူဦးရေတိုးလာတာကြောင့် မဲပေးသူအရေအတွက်ကတော့ ၃ ဆလောက် ပိုလာတယ်လို့ သူက ဆိုပါတယ်။
“တချို့နိုင်ငံတွေမှာ မြို့ကြီးကလွဲလို့ တခြားနေရာတွေမှာ မဲရုံတွေထောင်ခွင့်မပေးဘူးဆိုပြီး သတ်မှတ်ထားတာတွေလည်း ရှိပါတယ်။ အဲဒီလိုကျတော့ ကျမတို့ပြည်သူတွေက လာရောက် မပေးနိုင်တဲ့ အခါကျတော့လည်း ဒီမဲတွေကမပေးဖြစ်ဘူးပေါ့။ သို့သော် ၆၉ ရာခိုင်နှုန်းဆိုတာ အင်မတန်မှ မြင့်တဲ့ ရာခိုင်နှုန်းပါ။ ၇၅ ရာခိုင်နှုန်းလောက်တော့ မမြင့်ဘူးပေါ့” လို့ ပြောပါတယ်။
ရွေးကောက်ပွဲနီးလာတာနဲ့အမျှ ပြည်သူလူထုဟာ ကိုဗစ် - ၁၉ အတွက် ထုတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းဘောင်အတွင်းကနေဖို့ အင်မတန်မှ အရေးကြီးတယ်လို့ သူက ပြောပြီး အောင်နိုင်ရေး လှုပ်ရှားနေတဲ့ ပါတီအသီးသီးဟာလည်း စည်းမျဉ်းစည်းကမ်းတွေကို သတိပြု လိုက်နာစေချင်တယ်လို့ ဆိုပါတယ်။
ပြည်ပရောက် မြန်မာတွေ မဲပေးနိုင်ဖို့အတွက် မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးတွေမှာ မဲရုံတွေဖွင့်ခဲ့ကြပြီး အောက်တိုဘာ ၂၂ ရက်အထိ ရုံး ၄၂ ရုံးကနေ ဆန္ဒပြုပြီး ကြိုတင်ဆန္ဒမဲတွေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဆီကို လွှဲပြောင်းပေးပြီးပြီလို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။