Homeမြန်မာသတင်း
ဝမ်တိန်သစ်သီးအရောင်းကွင်း၌ သွားရောက်ရောင်းချခွင့် မြန်မာသစ်သီးဝလံကုန်သည်များ တောင်းခံ
ဝမ်တိန်သစ်သီးအရောင်းကွင်း၌ သွားရောက်ရောင်းချခွင့် မြန်မာသစ်သီးဝလံကုန်သည်များ တောင်းခံ
DVB
·
October 15, 2020
တရုတ်နိုင်ငံဘက်ရှိ ဝမ်တိန်သစ်သီးအရောင်းကွင်းမှာ လူကိုယ်တိုင် သွားရောင်းချခွင့်ရရှိဖို့ သစ်သီးဝလံကုန်စည်ဒိုင်က ရှမ်းပြည်နယ်အစိုးရထံ တင်ပြတောင်းခံလိုက်ပါတယ်။
သစ်သီးဝလံကုန်စည်ဒိုင် ဥက္ကဋ္ဌ စိုင်းမြင့်ဗိုလ်က “တရုတ်နိုင်ငံက လူဝင်လူထွက်ကန့်သတ်ထားတော့ သူတို့လည်းထွက်လို့မရ၊ ကျနော်တို့လည်း ဝင်မရဘဲ ဖုန်းနဲ့ပဲချိတ်ဆက်ရောင်းရတာ အဆင်မပြေပါဘူး။ မြန်မာတောင်သူတွေ ဈေးကောင်း မရရှိရင် များစွာ ဆုံးရှုံးနစ်နာမှာကြောင့် သစ်သီးပွဲရုံတွေ ကိုယ်စားလှယ် ၂ ဦး မှ ၅ ဦး လောက် တရုတ်နိုင်ငံ ဝမ်တိန်သစ်သီးအရောင်းကွင်းမှာ လူကိုယ်တိုင် သွားရောင်းခွင့်ရရှိဖို့ စာတင်ထားရတာပါ”လို့ ပြောပါတယ်။
မြန်မာပြည်တဝန်းက သစ်သီးဝလံတင်ဆောင်လာတဲ့ ကုန်တင်ယာဉ်တွေကိုလည်း SOP အရ RDT test kit နဲ့ စစ်ဆေးနေတဲ့နေရာမှာ ပုပ်သိုးကုန်ဖြစ်တာကြောင့် ဦးစားပေးစနစ်နဲ့ အမြန်ဆုံးစစ်ဆေးပေးဖို့ တင်ပြထားပါတယ်။
မူဆယ်နမ့်ခမ်း နယ်စပ်ကုန်သည်များအသင်းဥက္ကဋ္ဌ ဦးစိုင်းနွမ် က “မူဆယ်ကပွဲရုံတွေဟာ မြန်မာပြည်အလယ်ပိုင်းကတောင်သူတွေကို သူတို့လိုအပ်တဲ့ မျိုးစေ့ ပလတ်စတစ်အိတ်နဲ့ဓာတ် မြေဩဇာတွေထောက်ပံ့ကြပြီး အသီးပေါ်ရင် ကုန်တင်ကားနဲ့ တောင်သူ ကိုယ်တိုင်လိုက်လာကြ ပါတယ်။ သူတို့မျက်စိရှေ့ ကျနော်တို့ရောင်းပေးပြီး ရလာတဲ့အထဲက ချပေးထားတဲ့ မျိုးဖိုး ပလတ်စတစ်ဖိုးစတာပြန်နုတ်ကာ ကျနော်တို့က ၂ ရာခိုင်နှုန်း အကျိုးဆောင်ခသာ ယူပါတယ်။ ပွဲရုံတခုမှာ သူတိူ့နဲ့လက်တွဲလုပ်သူ တောင်သူဦးရေ ရာဂဏန်းရှိပါတယ်”လို့ ပြောပါတယ်။
လက်ရှိတနေ့ကို ဖရဲသခွား မိုးသီးတွေ ကားအစီး ၃၀ လောက်ဝင်ရောက်နေပြီး တရုတ်ပြည်ထဲကို ကားမောင်းသမားလဲလည်တဲ့ စနစ်နဲ့ ကုန်ကားတွေသာ ဝင်ခွင့်ရပြီး အသီးတွေကို ကိုယ်တိုင်ရောင်းချခွင့်မမပါဘူး။
အသီးတွေအမှည့်လွန်တာ၊ အမှည့်လိုတာ၊ အနာအဆာပါတာ၊ အသီးမလှတာ၊ အပုပ်ပါတာတွေကို အကြောင်းပြပြီး ဝယ်သူ ဖြတ်တဲ့ဈေးပဲရနိုင်တယ်လို့ ကုန်သည်တွေက ပြောပါတယ်။
ဒါကြောင့် ပွဲရုံကိုယ်စားလှယ်တွေဟာ သူတို့ အနေနဲ့ တရုတ်နိုင်ငံအစိုးရက ချမှတ်တဲ့ SOP တွေ စည်းကမ်းတွေ သတ်မှတ်ချက်အတိုင်းလိုက်မယ်၊ ကွာရန်တင်းဝင်ဆိုဝင်မယ်၊ ကျန်းမာရေးစစ်ဆေးမှု အလုပ်ခံမယ်၊ သတ်မှတ်တဲ့နေရာမှာပဲနေမယ် ယူနန်ပြည်နယ်အစိုးရကို ညှိနှိုင်းပေးပါလို့ မေတ္တာရပ်ခံထားတယ်လို့လည်း ပြောကြပါတယ်။
ရှမ်းပြည်နယ် စီမံဘဏ္ဍာဝန်ကြီး ဦးစိုးညွှန့်လွင်က “အောက်တိုဘာ ၁၅ နေ့ မနက် ၇ နာရီကစတဲ့ အစိုးရနဲ့ zoom meeting မှာတင်ပြထားတဲ့အကြောင်း၊ ဒီကိစ္စဟာ နှစ်နိုင်ငံ ဆက်ဆံရေးအဖွဲ့ကနေ ပြောရမှာမို့ ဒေါက်တာသန်းမြင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ပြည်ထောင်စုဝန်ကြီးကို တင်ပြထားပါတယ်။ ရှမ်းပြည်နယ်အစိုးရက တိုက်ရိုက်ပြောပေးလို့ မရပါဘူး” လို့ပြောပါတယ်။
လတ်တလော တရုတ်နိုင်ငံ၊ ဝမ်တိန်ဖရဲကွင်းမှာ 855 ဖရဲသီးတွေ ဈေးကောင်း ရနေကြပြီး အကြောင်းရင်းကတော့ မြန်မာဖရဲသီး အစိုက်နဲ၊ အထွက်နဲသလို ဒီရက်ပိုင်းအတွင်းမှာ တရုတ်ပြည် ကွမ်ရှီးပြည်နယ်၊ကွီလင့်ဒေသက ဖရဲသီးတွေလည်းခူးခါနီးရက်တွေမှာ ၃/၄ ရက်လောက် မိုးကြီး ရွာချလို့ အသီးတွေ ပျက်စီးကုန်တာကြောင့် ဖြစ်တယ် လို့ဆိုပါတယ်။
မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်နဲ့ ရှမ်းပြည်နယ် တို့မှာ ဖရဲနဲ့သခွားကို စိုက်ပျိုးကြပြီး ဒီနှစ်မှာ ကပ်ဘေးကြောင့် သုံးပုံ တစ်ပုံလောက်သာ စိုက်ပျိုးထားတယ် လို့သိရပါတယ်။
၂၀၁၉ မှာ တရုတ်နိုင်ငံကို ဖရဲ၊ သခွား တန်ချိန် ၈ သိန်းလောက် မြန်မာပြည်ကနေ တင်ပို့ခဲ့ပြီး နိုဝင်ဘာ၊ ဒီဇင်ဘာမှာ လှိုင်လှိုင် ပေါ် နေကျဖြစ်ပါတယ်။ ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့နယ်မှာ ဖရဲ၊သခွားပွဲရုံပေါင်း ၈၀ ကျော်ရှိပါတယ်။
သတင်း - နန်းစပယ်