Home
မြန်မာသတင်း
နာတာရှည်ရောဂါအခံရှိသူများ အထွေထွေရောဂါကုဆရာဝန်များအဖွဲ့နှင့် တိုင်ပင်ဆွေးနွေးနိုင်
ပိုင်စိုး
·
October 14, 2020
နာတာရှည်ရောဂါအခံရှိသူတွေအနေနဲ့ အထွေထွေရောဂါကုဆရာဝန်များအဖွဲ့ရဲ့ Facebook Page မှာ တိုင်ပင်ဆွေးနွေးနိုင်ပြီး ကိုဗစ်-၁၉ ရောဂါနဲ့ ကိုဗစ်မဟုတ်တဲ့လူနာတွေကို ပြင်ပဆေးရုံ၊ ဆေးခန်းတွေ အားလုံးကလည်း စစ်ဆေးခွင့်ရှိအောင် ညှိနှိုင်းနေတယ်လို့ ပါမောက္ခဒေါက်တာမြင့်ဟန်က ပြောပါတယ်။ ကိုဗစ်-၁၉ နဲ့ပတ်သက်ပြီး နည်းပညာပိုင်းဆိုင်ရာ ကူညီပံ့ပိုး အကြံပြုအားဖြည့်ဆောင်ရွက်ရေး အဖွဲ့ဝင်လည်းဖြစ်တဲ့ ဒေါက်တာမြင့်ဟန်က ကိုဗစ်-၁၉ အကြောင်း သိကောင်းစရာ အမေး/အဖြေ အစီအစဉ်မှာ ပြောသွားတာပါ။ အခုလို ကိုဗစ်ကာလမှာ ကိုယ်လက်လှုပ်ရှားမှုတွေ နည်းလာတာ၊ တာရှည်ခံ အစားအသောက်တွေ စားရတာ၊ ကိုဗစ်ကြောင့် စိတ်ဖိစီးမှုတွေများတာကြောင့် သွေးပေါင်ချိန်တက်နိုင်ပြီး သွေးပေါင်ချိန် မှန်မှန်ချိန်တဲ့အပြင် သွေးပေါင်ချိန် နည်းနည်းမြင့်ရုံနဲ့တော့ စိုးရိမ်စရာမရှိဘူးလို့ဆိုပါတယ်။ အငန်လျှော့စားဖို့၊ ကိုယ်လက်လှုပ်ရှားတာကို တနေ့ကို နာရီဝက်၊ တပတ်ကို အနည်းဆုံး ငါးရက် လုပ်ဖို့လည်း သူက တိုက်တွန်းပါတယ်။ “ဒါပေမဲ့လည်း ဒီ သွေးတိုးရောဂါ၊ ဆီးချိုရောဂါတွေက ဆရာဝန်နဲ့ တိုင်ပင်ဖို့လိုအပ်တဲ့ အခါမျိုးတွေ ရှိမှာပါ။ အခုလို အင်တာနက်နဲ့ အွန်လိုင်းတွေ အသုံးပြုမှုများလာတဲ့ အချိန်မှာ ကောင်းတာကတော့ မိမိတို့ရဲ့ ဆရာဝန်၊ မိသားစု ဆရာဝန်နဲ့ တိုင်ပင်နိုင်တဲ့ အခွင့်အရေးတွေလည်း ရှိနိုင်ပါတယ်။  ဒါ့အပြင် မြို့နယ်တွေ၊ ကျေးလက်တွေမှာဆိုရင် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ပြည်သူလူထု အခြေပြု ကျန်းမာရေးစောင့်ရှောက်မှုဆေးခန်းတွေမှာ သွေးတိုးနဲ့ ဆီးချိုရောဂါ ကုသပေးတဲ့ ဆေးခန်းတွေ အပတ်စဉ်မှာ တရက် သတ်မှတ်ပြီး ဖွင့်လှစ်ထားတာတွေ ရှိပါတယ်။  “အထူးသဖြင့် ကိုဗစ်ဆိုးရွားနေတဲ့ ဒီရန်ကုန်တိုင်းဒေသကြီးမှာ ကျနော် လမ်းညွှန်ရရင် မြို့နယ်ပေါင်း ၂၂ မြို့နယ်ကျော်ကို မြန်မာနိုင်ငံဆရာဝန်အသင်းက GP Society လို့ခေါ်တဲ့ အထွေထွေရောဂါကု ဆရာဝန်များအဖွဲ့ရဲ့ Facebook Page မှာ ဒီရောဂါလက္ခဏာတွေ၊ မိမိမှာရှိတဲ့ ကျန်းမာရေး ပြဿနာတွေနဲ့ ပတ်သက်ပြီး တိုင်ပင်ဆွေးနွေးနိုင်တယ်ဆိုပြီး ညွှန်ပြချင်ပါတယ်။ ဆရာဝန်ပေါင်း ၁၅၀ ကျော်က တနင်္လာနဲ့ ဗုဒ္ဓဟူးနေ့တွေမှာ ဒီဝန်ဆောင်မှုကို ပေးနေတယ်ဆိုတာ သတင်းပါးလို ပါတယ်”လို့ ဒေါက်တာမြင့်ဟန်က ပြောပါတယ်။ မကူးစက်တတ်တဲ့ ရောဂါတွေထဲမှာ အဓိက အရေးကြီးတာက သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးရောဂါ စသဖြင့် ဖြစ်ပြီး ဒီကာလမှာ မိမိတို့ရဲ့ သွေးပေါင်ချိန်နဲ့ ဆီးချိုကို ထိန်းသိမ်းထားဖို့ လိုတယ်လို့ ပြောပါတယ်။ “ဘာဖြစ်လို့လဲဆိုတော့ ဒီဆီးချို၊ သွေးချိုကြောင့် နောက်ဆက်တွဲ ရောဂါတွေ၊ ကိုဗစ်ရောဂါရခဲ့ရင် ပိုမိုလာဖို့ ဖြစ်ပါတယ်။ အဓိက မိမိရဲ့အိမ်မှာ သွေးပေါင်ချိန်နိုင်ဖို့ လိုပါတယ်။ သွေးပေါင်ကို စနစ်တကျ ချိန်နိုင်ဖို့အတွက်လည်း ကျနော်တို့ မြန်မာနိုင်ငံ သွေးတိုးရောဂါအဖွဲ့ရဲ့ Facebook စာမျက်နှာမှာ ဗီဒီယိုနဲ့တကွ သွေးတိုးရောဂါ အကြောင်းတွေလည်း ရှင်းလင်းထားတာတွေ ရှိပါတယ်။ ဒါတွေကိုလည်း လေ့လာနိုင်ပါတယ်။ သွေးချိုတိုင်းကိရိယာ၊ ဆီးချိုတိုင်းတဲ့ကိရိယာတွေက အခု အချိန်မှာဆိုရင် အသုံးဝင်လာပြီး လူတိုင်းလည်း လက်လှမ်းမီလာတဲ့ အနေအထားရှိတဲ့အတွက် ဒါတွေကို အသုံးချကြပါလို့ တိုက်တွန်းလိုပါတယ်” အွန်လိုင်းက လေ့လာမေးမြန်းပေမယ့် တကယ်တမ်း ရောဂါကြီးမားလာတယ်ဆိုရင် ဆေးရုံ၊ ဆေးခန်းတွေကို မဖြစ်မနေသွားရမယ်လို့လည်း ဒေါက်တာမြင့်ဟန်ကပြောပါတယ်။ “ဆေးရုံ၊ ဆေးခန်းတွေမှာ သွားပြဖို့အခက်အခဲတွေက လူနာကလည်း စိုးရိမ်တယ်။ ဆေးရုံတွေကလည်း ကိုဗစ်လူနာတွေ ပြန့်ပွားများပြားလာရင် ဆေးရုံကို ပိတ်ထားရတာ၊ Lockdown ချရတာ၊ ဆရာဝန်တွေကိုယ်နှိုက်က Quarantine ဝင်ရတာ၊ ဒီလို အခက်အခဲတွေ ကြောင့် ဆေးရုံနဲ့ ဆေးခန်းတွေက လွယ်လွယ်ကူကူ ပြည်သူတွေအတွက် လက်လှမ်းမမီ ဖြစ်နေပါတယ်။ အဲဒါမှာ အဓိက ကိုဗစ်ရောဂါနဲ့ ကိုဗစ် မဟုတ်တဲ့လူနာကို ပြင်ပဆေးရုံ၊ ဆေးခန်းတွေအားလုံးကလည်း ဒီလို စစ်ဆေးခွင့်ရှိရင် ဒီအခက်အခဲက ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုကျော်လွှားနိုင်အောင်လည်း ညှိနှိုင်း လုပ်ဆောင်နေတယ်ဆိုတာ တစ်ပါတည်း တင်ပြအပ်ပါတယ်။”  လိုအပ်တဲ့ဆေးဝါးတွေကို ခဏခဏ ထွက်မဝယ်ရအောင် အသင့်အတင့် စုဆောင်း ထားရင်လည်း မမှားဘူးလို့ ဒေါက်တာမြင့်ဟန်က ပြောကြားလိုက်ပြီး ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းတင်ကလည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနအနေနဲ့လည်း ဆေးတွေ မပြတ်အောင် အသိပေး စီမံဆောင်ရွက်နေတယ်လို့ ပြောပါတယ်။ မြန်မာနိုင်ငံမှာ အောက်တိုဘာ ၁၃ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၃၀,၄၃၇ ယောက်၊ သေဆုံးသူ ၆၉၃  ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၁၁,၇၆၉ ယောက် ရှိပြီဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024