ဘီးလင်းမြို့နယ် ကျေးရွာ ၅ ရွာက ပြည်သူ ၁၀၀၀ ခန့် မဲပေးခွင့်မရ
DVB
·
October 8, 2020
လာမယ့် အထွေထွေရွေးကောက်ပွဲမှာ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ရှိ ကျေးရွာ ၅ ရွာက ပြည်သူ ၁၀၀၀ နီးပါး မဲပေးခွင့်ရဦးမှာ မဟုတ်ဘူးလို့ သိရပါတယ်။
မွန်ပြည်နယ်မှာတော့ လာမယ့် ရွေးကောက်ပွဲအတွက် နောက်ဆုံးအကြိမ် မဲစာရင်းကို အောက်တိုဘာ ၁ ရက်နေ့ကနေ ၁၄ ရက်အတွင်း ကပ်ထားကြေညာပေးနေပြီး တပ်မဲစာရင်း အပါအဝင် ဆန္ဒမဲပေးနိုင်သူ ၁၈ သိန်းကျော် ရှိတယ်လို့ ကော်မရှင်က ထုတ်ပြန်ထားပါတယ်။
ဒါပေယ့်လည်း အဲဒီမဲစာရင်းမှာ မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဘောနော်ခီးကျေးရွာအုပ်စုရှိ ရွာ ၅ ရွာက ပြည်သူတွေ ပါဝင်လာခြင်း မရှိသေးတာ ဖြစ်ပါတယ်။
အဲဒီကျေးရွာတွေမှာ အုပ်ချုပ်ရေးအပိုင်းက သွားရောက် တာဝန်ထမ်းဆောင်ရွက်နိုင်ခြင်း မရှိသေးအတွက်ကြောင့် မဲစာရင်း ကောက်ယူလို့ မရတဲ့ ဒေသအဖြစ် သတ်မှတ်ထားတာလို့ မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ အတွင်းရေးမှူး ဦးဟိဏ်းလင်းထက်က ပြောပါတယ်။
ဘောနော်ခီးကျေးရွာအုပ်စုဟာ ဘီးလင်းမြို့နဲ့ မိုင် ၅၀ လောက် ကွာဝေးပြီး လမ်းခရီး အခက်အခဲအပြင် လက်ရှိအချိန်အထိ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ မခန့်အပ်နိုင်သေးတဲ့ အတွက်ကြောင့် မဲစာရင်း ပြုစုနိုင်ခြင်း မရှိသေးတာလို့ ဆိုပါတယ်။
အခုလို အခြေအနေကြောင့် အဲဒီဒေသက ပြည်သူတွေ မဲပေးခွင့်ရအောင် အစိုးရရဲ့ ရပ်ကျေး အုပ်ချုပ်ရေးမှူးရုံး စတင်ဖွင့်လှစ်နိုင်အောင် လုပ်ဆောင်သွားဖို့ လိုအပ်နေတယ်လို့ NLD ပါတီ ဘီးလင်းမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးကျော်မျိုးမင်းက ပြောပါတယ်။
ဘောနော်ခီးကျေးရွာအုပ်စုကို မဲစာရင်းကောက်ယူလို့မရတဲ့ ဒေသအဖြစ် သတ်မှတ်ထားတဲ့အတွက်ကြောင့် မကြာမီကာလမှာ အဲဒီဒေသမှာ ရွေးကောက်ပွဲ ကျင်းပသွားဖို့ ရှိ မရှိကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာပေးရမှာ ဖြစ်ပါတယ်။
ဘီးလင်းမြို့နယ် ဘောနော်ခီးကျေးရွာအုပ်စုရှိ ကျေးရွာ ရွာ ၅ ရွာက ပြည်သူတွေဟာ ပြီးခဲ့တဲ့ ၂၀၁၀ နဲ့ ၂၀၁၅ ရွေးကောက်ပွဲတုန်းကလည်း မဲပေးခွင့် ဆုံးရှုံးထားပါတယ်။
ဇော်လွင်ထွဋ်