ကိုဗစ်-၁၉ တိုက်ဖျက်ရန် အိန္ဒိယက Remdesivir ထိုးဆေးအလုံး ၃၀၀၀ ကျော်ပေးအပ်
DVB
·
October 5, 2020
မြန်မာနိုင်ငံရဲ့ ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရေးမှာ ကူညီဖို့ အိန္ဒိယနိုင်ငံရဲ့ ကူညီထောက်ပံ့မှု တစ်စိတ်တစ်ပိုင်းအဖြစ် Remdesivir ထိုးဆေးအလုံး ၃၀၀၀ ကျော်ပေးအပ်လိုက်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက သတင်းထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် သျှီဟာ့ရှ်ဗွီရှရင်ဂလာနဲ့ အိန္ဒိယတပ်မတော် ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အမ်အမ်နာရာဗာနေးတို့ဟာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ဒီကနေ့ သွားရောက်တွေ့ဆုံပြီး လွှဲပြောင်းပေးအပ်ခဲ့တာလို့ ဆိုပါတယ်။
အိန္ဒိယ ကိုယ်စားလှယ်အဖွဲ့ဟာ ၂ ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်ဆောင်ဆန်းစုကြည်နဲ့ရော ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ပါ တွေ့ဆုံဖို့ရှိတယ်လို့ အိန္ဒိယသတင်းတွေမှာ ရေးပါတယ်။