ပဲခူးတွင် ကိုဗစ်လူနာများထားရန် တိုင်းရင်းဆေးရုံအပြင် တက္ကသိုလ်ဆေးရုံကို ထပ်မံပြင်ဆင်
DVB
·
October 4, 2020
ကိုဗစ်-၁၉ အတည်ပြုလူနာ ၄၅၀ ကျော်ရှိလာတဲ့ ပဲခူးတိုင်းမှာ လူနာတွေထားဖို့ တိုင်းရင်းဆေးရုံတင်မက တက္ကသိုလ်ဆေးရုံကိုပါ အသုံးပြုနိုင်ဖို့ ပြင်ဆင်နေတယ်လို့ တိုင်းကျန်းမာရေးဦးစီးမှူး ဒေါက်တာရန်နိုင်မောင်က ပြောပါတယ်။
တိုင်းကျန်းမာရေးဌာနရဲ့ ထုတ်ပြန်ချက်အရ ပဲခူးတိုင်းမှာ အတည်ပြုလူနာ ၄၅၄ ဦးရှိတဲ့အထဲမှာ ပဲခူးခရိုင်က အတည်ပြုလူနာ အများဆုံးဖြစ်ကာ ပိုးတွေ့လူနာ ၂၆၂ ဦးအထိ ရှိနေတာပါ။
ဒေါက်တာရန်နိုင်မောင်က “လက်ရှိအခြေအနေအရ နိုင်ငံထဲ နေ့စဉ်ပိုးတွေ့လူနာ ထောင်နဲ့ချီ တွေ့ရှိနေသလို ပဲခူးမှာလည်း ပိုးတွေ့လူနာ များလာနိုင်ပါတယ်။ ဒါကြောင့် တိုင်းရင်းဆေးရုံကိုလည်း အဆင်သင့်ပြင်ထားပြီးဖြစ်သလို ပဲခူးတက္ကသိုလ်ဆေးရုံကိုလည်း လူနာတွေထားဖို့ CB ဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေးရဲ့ အကူအညီနဲ့ပြင်နေတယ်”လို့ ပြောပါတယ်။
ခရိုင်ထဲက ပိုးတွေ့လူနာတွေကို ပဲခူးမြို့က ခုတင် ၁၀၀ ဆံ့ ကလိဆေးရုံမှာ ကုသပေးနေပြီး နောက်ပိုင်း ပိုးတွေ့လူနာတွေကိုတော့ သက်ဆိုင်ရာမြို့နယ်ဆေးရုံတွေမှာပဲ ထားရှိ ကုသပေးနေရတယ်လို့ သိရပါတယ်။
အခုလို လူနာတွေထားဖို့ တိုးချဲ့လုပ်တာဟာ ကုသရေးပိုင်းအတွက် ဦးတည်လုပ်ဆောင်နေတာ ဖြစ်လို့ ကုသရေးပိုင်းကို ရောက်မလာအောင် ပြည်သူတဦးချင်းစီက စည်းကမ်းလိုက်နာဖို့ လိုတယ်လို့ သူက ဆက်ပြောပါတယ်။
အခုဆိုရင် ပဲခူးတိုင်းအဝင် ရေတာရှည်မြို့နယ် ရေနီမြို့မှာ ကုန်တင်ယာဉ်တွေ ပိတ်ဆို့နေတဲ့အတွက် အဲဒီကားတွေက ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တွေကို Test Kit နဲ့ စတင်စစ်ဆေးနေပါတယ်။
အောက်တိုဘာ ၂ ရက်ကတော့ ယာဉ်မောင်း၊ ယာဉ်နောက်လိုက် ၂၀၀ လောက်ကို စစ်ဆေးရာမှာ မကွေးတိုင်း ချောက်မြို့နယ်ကလာတဲ့ ယာဉ်မောင်း ၁ ဦးမှာပဲ ပိုးတွေ့ရှိတဲ့အတွက် ရှေတာရှည်မြို့နယ် ဆေးရုံမှာ ကုသပေးနေတယ်လို့ သိရပါတယ်၊၊
သတင်း - အောင်စိုးမိုး