တောင်ဥက္ကလာပတွင် ဈေးဝယ်ပြီး အိမ်တိုင်ရာရောက် အခမဲ့ပို့ ဝန်ဆောင်မှုပေးနေ
DVB
·
October 2, 2020
ရန်ကုန် တောင်ဥက္ကလာပမြို့နယ်မှာ ဈေးဝယ်ပြီး အိမ်တိုင်ရာရောက် အခမဲ့လာပို့တဲ့ ဝန်ဆောင်မှုကို လုပ်ဆောင်နေတယ်လို့ စည်ပင်သာယာတာဝန်ရှိသူက ပြောပါတယ်။
ရန်ကုန်တိုင်းမှာ ပြည်တွင်းကူးစက်လူနာတွေနေ့စဉ် ထပ်တိုးနေပြီး ဈေးတွေမှာလည်း ကိုဗစ်-၁၉ အတည်ပြုလူနာတွေ တွေ့နေရပါတယ်။
ဒါပေမဲ့ ဈေးတွေကိုတော့ အဓိက စားသောက်ကုန်ရောင်းချတဲ့ နေရာဖြစ်တာကြောင့် ဆက်လက်ဖွင့်လှစ်ထားပြီး သား၊ ငါးနဲ့ စားသောက်ကုန်ရောင်းဖို့ပဲ ခွင့်ပြုထားတာပါ။
တောင်ဥက္ကလာပမြို့နယ်မှာတော့ ဈေးဝယ်ပြီးတော့ အိမ်တိုင်ရာရောက် အခမဲ့ပို့ဆောင်တဲ့ ဝန်ဆောင်မှုကို ဆောင်ရွက်နေပြီး တနင်္လာကနေ သောကြာအထိ ရုံးချိန်အတွင်း မှာယူနိုင်တယ်လို့ စည်ပင်သာယာတာဝန်ရှိသူ ဦးကျော်ဇေယျာဝင်းက ပြောပါတယ်။
တခြားမြို့နယ်တွေမှာလည်း ဈေးဝယ်တဲ့ စနစ်ကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်နေပြီး ဈေးကြိုသွားတဲ့ ကားအရေအတွက်ကို လျော့ချနိုင်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
ပထမလှိုင်းတုန်းကတော့ မြို့နယ်တချို့က ဈေးကားနဲ့ လှည့်လည်ရောင်းချနေတာရှိသလို အခုလက်ရှိမှာလည်း မြို့နယ်တွင်းမှာ တချို့ဈေးသည်တွေက ရောင်းချနေတာရှိပါတယ်။ ဈေးတွေမှာဆိုရင်လည်း ဆိုင်တွေအနေနဲ့ ၃၀ ရာခိုင်နှုန်းလောက်ပဲ ဖွင့်ထားတယ်လို့ စည်ပင်သာယာက ပြောပါတယ်။
သတင်း- ခင်ငြိမ်းချမ်း