ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၌ ရွေးကောက်ပွဲအတွက် အထူးရဲသင်တန်းပေး
DVB
·
October 2, 2020
၂၀၂၀ ရွေးကောက်ပွဲကာလမှာ လုံခြုံရေးဆောင်ရွက်မယ့် အထူးရဲတွေအတွက် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်မှာ အောက်တိုဘာ ၁ ရက်က စတင် သင်တန်းပေးနေပါတယ်။
ဗန်းမော်ခရိုင်အတွင်းရှိမြို့နယ် ၄ ခုစလုံးမှာ အောက်တိုဘာ ၁ ရက်မှ အောက်တိုဘာ ၂၈ ရက်နေ့အထိ အထူးရဲ ၂၀၀ ကျော်ကို သင်တန်း ဖွင့်လှစ်သင်ကြားပေးမှာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲအတွက် အထူးရဲခေါ်ယူရာမှာ စံနှုန်းသတ်မှတ်ချက်တွေအနေနဲ့ ပါတီနိုင်ငံရေးကင်းရှင်းသူနဲ့ ရဲမှတ်တမ်းပြစ်မှုကင်းရှင်းသူတွေကို အဓိကရွေးချယ်ခေါ်ယူခဲ့တာဖြစ်ပြီး ရွေးကောက်ပွဲအလွန်ကာလမှာလည်း မိမိတို့ဆန္ဒအလျောက် တာဝန်ထမ်းဆောင်လိုပါက သတ်မှတ်စံနှုန်းတွေနဲ့အညီ ရွေးချယ်ပြီး ဝန်ထမ်းအဖြစ် ခန့်အပ်မယ်လို့ သိရပါတယ်။
အဆိုပါအထူးရဲသင်တန်းကို ခရိုင်တွင်း ၄ မြို့နယ်စလုံးမှာ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေနဲ့အညီ စနစ်တကျဖွင့်လှစ်မယ်လို့ ခရိုင်ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
ဗန်းမော်ခရိုင်အတွင်း မဲရုံပေါင်း ၂၀၇ ရုံရှိပြီး မဲရုံ ၁ ရုံစီမှာ အထူးရဲ ၁ ယောက်နှုန်းနဲ့ အထူးရဲစုစုပေါင်း ၂၀၇ ယောက် ခန့်အပ်သွားမှာဖြစ်ပြီး တခြားအဖွဲ့အစည်းတွေနဲ့အတူ လုံခြုံရေးပူးပေါင်းဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
သတင်း- ကျော်ဇေယျ CJ(ရွှေကူ)