Home
မြန်မာသတင်း
ကျပ်သိန်း ၁ သောင်း မတည်ငွေဖြင့် အင်းယားလိတ် ကိုဗစ်စင်တာ ၁၀ ရက်အတွင်း အပြီးဆောက်မည်
DVB
·
October 1, 2020
       လတ်တလော ကိုဗစ်-၁၉ ကူးစက်မှုမြင့်တက်နေတဲ့ ရန်ကုန်မြို့မှာ ပိုးတွေ့လူနာတွေ များပြားလာတာကြောင့် Yangon Convention Center (YCC) မှာ အင်းယားလိတ်ကိုဗစ်စင်တာကို စတင်တည်ဆောက်နေပါတယ်။        ဒီစင်တာတည်ဆောက်ရေးအတွက် ကမ္ဘောဇဘဏ်က ငွေကျပ်သိန်း ၇,၀၀၀၊ ရွှေသံ လွင်ကုမ္ပဏီက ငွေကျပ်သိန်း ၃,၀၀၀၊ စုစုပေါင်း မတည်လှူဒါန်းငွေ ကျပ်သိန်း ၁ သောင်းနဲ့ စတင်နေတာဖြစ်ကာ ကုတင် ၅၀၀ ဆံ့ စင်တာအနေနဲ့ တည်ဆောက်သွားမှာ ဖြစ်ပါတယ်။        ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့ရဲ့ လမ်းညွှန်မှုနဲ့ တည်ဆောက်နေတဲ့ အင်းယားလိတ် ကိုဗစ်စင်တာကိုတော့ ၁၀ ရက်အတွင်း ပြီးစီးနိုင်အောင် ဆောက်ရွက်နေပြီး လိုအပ်ပါက အဆောင်တွေတိုးချဲ့ကာ ကုတင် ၁,၀၀၀ အထိ ထားရှိသွားနိုင်ဖို့လည်း လျာထားဆောင်ရွက်နေတယ်လို့ ကမ္ဘောဇဘဏ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။        အင်းယားလိတ်ကိုဗစ်စင်တာမှာ အရေးပေါ်လူနာတွေကို ကုသပေးနိုင်ဖို့အတွက် High-Dependency Unit: HDU ၁၆ ကုတင်ကို တပါတည်း ထည့်သွင်းတည်ဆောက်နေပြီး တက်ရောက်ကုသမယ့် လူနာအယောက် ၅၀၀ အတွက် လိုအပ်မယ့် အထူးဆေးဝါးတွေ၊ အစားအသောက်အတွက်ပါ အခမဲ့စီစဉ်ပေးမယ်လို့လည်း ဆိုပါတယ်။   ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ စေတနာ့ဝန်ထမ်းအယောက် ၄၀၀ အတွက်လည်း သီးသန့်အဆောက်အဦးတွေ တပါတည်း ပါဝင်မှာဖြစ်ပြီး ၂၄ နာရီ အခမဲ့ Food Court ထားရှိပေးသွားမယ်လို့ သိရပါတယ်။        ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ကုန်ပိုင်းမှာ တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့က စတင်ခဲ့တဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုဟာ ကမ္ဘာ့နိုင်ငံတွေအနှံ့ ကပ်ရောဂါတခုအသွင် လျင်လျင်မြန်မြန်ပဲ ကူးစက်ပျံ့နှံ့နေခဲ့တာပါ။ မြန်မာနိုင်ငံမှာတော့ ပထမဆုံးသော ကိုဗစ်-၁၉ အတည်ပြုလူနာကို ပြီးခဲ့တဲ့ မတ် ၂၃ ရက်နေ့မှာ စတင်တွေ့ရှိခဲ့ပြီး ပြီးခဲ့တဲ့လက ရခိုင်ပြည်နယ်က တကျော့ပြန်ကူးစက်မှုတွေ ရှိလာခဲ့အပြီးမှာ ရောဂါကူးစက်ခံရသူအရေအတွက်ဟာ သိသိသာသာမြင့်တက်လာခဲ့ပြီး သေဆုံးသူအရေအတွက်လည်း မြင့်တက်နေပါတယ်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ စက်တင်ဘာ ၃၀ ရက် ည ၈ နာရီ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အတည်ပြုလူနာဦးရေ ၁၃,၃၇၃ ယောက်ရှိပြီး သေဆုံးသူက ၃၁၀ ယောက်အထိ ရှိနေတာပါ။ 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024