ကိုဗစ်-၁၉ လူနာသစ် ၈၈၀ တွေ့ရှိ၊ လူနာ ၂၄ ဦး ထပ်မံသေဆုံး
DVB
·
September 26, 2020
ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၈၈၀ တွေ့ရှိခဲ့ပြီး အသက် ၁၅ နှစ်နဲ့ ၁၆ နှစ်အရွယ် ယောကျ်ားလေး ၂ ဦး အပါအဝင် လူနာ ၂၄ ဦး ထပ်မံသေဆုံးခဲ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့ည ၈ နာရီထုတ်ပြန်ပါတယ်။
စက်တင်ဘာ ၂၅ ရက်ညကနေ ၂၆ ရက် ည ၈ နာရီအထိ ဓာတ်ခွဲနမူနာ ၅,၈၁၆ အား စစ်ဆေးခဲ့တာပါ။
သေဆုံးသွားတဲ့ လူနာတွေကတော့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ကုသမှုခံယူနေတဲ့ လူနာ ၁၂ ဦး၊ ကိုဗစ်-၁၉ ကုသရေးဌာနက (ဖောင်ကြီး) က ၃ ဦး၊ သင်္ဃန်းကျွန်းစံပြဆေးရုံကြီးက ၂ ဦး၊ မော်လမြိုင်ပြည်သူ့ဆေးရုံကြီးက ၁ ဦး၊ ဝေဘာဂီအထူးကုဆေးရုံကြီးက ၁ ဦး၊ ရန်ကုန်အထွေထွေရောဂါကု ဆေးရုံသစ်ကြီးက ၁ ဦး၊ မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးက ၁ ဦး၊ တောင်ဥက္ကလာပပြည်သူ့ဆေးရုံကြီးက ၁ ဦးနဲ့ အင်းစိန်ပြည်သူ့ဆေးရုံကြီးက ၂ ဦး စုစုပေါင်း ကိုဗစ်-၁၉ လူနာ ၂၄ ဦး သေဆုံးခဲ့တာပါ။
သေဆုံးလူနာ ၂၄ ဦးမှာ အသက် ၁၅ နှစ်နဲ့ ၁၆ နှစ်အရွယ် ယောကျ်ားလေး ၂ ဦးအပါအဝင် အသက် ၃၈ နှစ်ကနေ ၈၇ နှစ်အထိ အရွယ်တွေ ဖြစ်ကြပြီး ၂၂၊ ၂၃၊ ၂၄၊ ၂၅ ရက်နဲ့ ၂၆ ရက်နေ့တွေအတွင်း သေဆုံးခဲ့ကြတာလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ဒီနေ့ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၉၉၉၁ ဦး၊ သေဆုံးသူ ၁၉၈ ဦး၊ ဓာတ်ခွဲအတည်ပြု လူနာဟောင်းတွေထဲက ဆေးရုံက ဆင်းခွင့်ပြုခဲ့ပြီးသူ ၂,၆၈၁ ဦးရှိပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။