Home
မြန်မာသတင်း
ကိုဗစ်-၁၉ ကြောင့် ရန်ကုန်က လာသူများကို မွန်ပြည်နယ်အတွင်း ဝင်ခွင့်မပြုတော့
DVB
·
September 26, 2020
ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မြင့်တက်လာနေတာကြောင့် ရန်ကုန်တိုင်းက လာသူ မည်သူမဆို မွန်ပြည်နယ်အတွင်း ဝင်ခွင့်မပြုဖို့ မွန်ပြည်နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေး ကော်မတီက ဆုံးဖြတ်လိုက်ပါတယ်။  ကိုဗစ်-၁၉ ရောဂါပိုး ပြည်တွင်းကူးစက်မှုတွေ မြင့်တက်လာပြီးနောက် ရခိုင်ပြည်နယ်နဲ့ ရန်ကုန်တိုင်း‌က လာသူတွေ မွန်ပြည်နယ်ရောက်ရင် quarantine ဝင်ရမယ်လို့ မွန်ပြည်နယ် အစိုးရအဖွဲ့က သြဂုတ်လ နောက်ဆုံးအပတ်မှာ ထုတ်ပြန်ထားပါတယ်။ အခုအအခါမှာတော့ ရန်ကုန်တိုင်းမှာ ကိုဗစ်ရောဂါပိုး ကူးစက်မှု ဆက်တိုက်မြင့်တက်လာပြီးနောက် ရန်ကုန်ကနေ မွန်ပြည်နယ်လာသူ မည်သူမဆို ဝင်ခွင့်မပေးဖို့ ပြည်နယ် ကိုစေ်-၁၉ ရောဂါ ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေး ကော်မတီက စက်တင်ဘာ ၂၅ ရက်နေ့မှာ ဆုံးဖြတ်လိုက်တာပါ။ ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူတွေဟာ ရန်ကုန်တိုင်းမှာ ဆေးသွားကုသသူတွေကတဆင့် ရောဂါ အများဆုံး ကူးစက်ခံနေရတာလို့ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုပြည်နယ်ဦးစီးမှူး ဒေါက်တာဝတ်မှုံက ပြောပါတယ်။ ရန်ကုန်မှာ ဆေးသွားကုသသူတွေအနေနဲ့ မွန်ပြည်နယ်ကို ပြန်လာပါက သတ်မှတ်ထားတဲ့ ဆေးရုံတွေနဲ့ quarantine စင်တာတွေမှာ ၁၄ ရက်အကြာ စောင့်ကြည့်ခံရမှာ ဖြစ်ပါတယ်။ မွန်ပြည်နယ်မှာတော့ အခုအခါ  စက်တင်ဘာ ပထမအပတ်ကစပြီး နေ့စဉ်နဲ့အမျှ ကိုဗစ်ရောဂါပိုး တွေ့ရှိနေတာကြောင့် အလုပ်သွားဖို့ မလိုတဲ့ ပြည်သူတွေအနေနဲ့ နေအိမ်မှာ ၂ ပတ်အကြာ နေထိုင်ပေးကြဖို့ မွန်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်းက မေတ္တာရပ်ခံလိုက်ပါတယ်။ မွန်ပြည်နယ်မှာတော့ ပြည်တွင်း ကူးစက်မှုတွေ ဆက်တိုက်မြင့်တက်လာပြီးနောက် မော်လမြိုင်နဲ့ ဘီးလင်းမြို့နယ်ကို နေအိမ်အတွင်း နေထိုင်ကြဖို့ Stay at Home နဲ့ ညမထွက်ရ အမိန့် ထုတ်လိုက်ထားပါတယ်။ ပြည်နယ်အတွင်း ကိုဗစ်ရောဂါပိုး တွေ့ရှိမှုအရ စက်တင်ဘာ ၂၅ ရက်နေ့ ညပိုင်းအထိ ကိုဗစ်အတည်ပြုလူနာ ၂၂၂ ဦးအထိ ရှိလာခဲ့ပြီး အဲဒီထဲမှာ မော်လမြိုင်မြို့နယ်ဟာ ရောဂါပိုး အများဆုံး ကူးစက်ခံထားရပါတယ်။ ဇော်လွင်ထွဋ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024