မွန်က အခြေခံလူတန်းစား အိမ်ထောင်စု ၁ သိန်းကျော်ကို ကျပ် ၂၀၀၀၀ နှုန်း ထောက်ပံ့မည်
DVB
·
September 25, 2020
မွန်ပြည်နယ်က ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစား အိမ်ထောင်စု ၁ သိန်းကျော်ကို ငွေကျပ် ၂၀၀၀၀ နှုန်း ထပ်မံထောက်ပံ့ပေးသွားမယ်လို့ မွန်ပြည်နယ် အစိုးရအဖွဲ့ စက်တင်ဘာ ၂၄ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
မွန်ပြည်နယ်မှာတော့ ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစား အိမ်ထောင်စုတွေကို ပြီးခဲ့တဲ့ သင်္ကြန်ကာလကတည်းက အခြေခံစားသောက်ကုန်တွေ စတင်ထောက်ပံ့လာခဲ့တာဖြစ်ပြီး အခုဆိုရင် ပဉ္စမအကြိမ်ထောက်ပံ့တာပါ။
အခြေခံလူတန်းစား အိမ်ထောင်စုတွေကို ငွေကျပ် ၂၀၀၀၀ နှုန်း ထောက်ပံ့ပေးဖို့ စက်တင်ဘာ ၂၄ ရက်နေ့မှာ မွန်ပြည်နယ်အစိုးရအဖွဲ့က သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူးတွေ ထောက်ပံ့မယ့် ငွေတွေ လွှဲပြောင်းပေးအပ်ခဲ့တာပါ။
ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားတွေကို စက်တင်ဘာ ၂၅ ရက်ကစပြီး သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအလိုက် စတင် ထောက်ပံ့ပေးသွားမယ်လို့ မော်လမြိုင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝေလင်းထွန်းက ဒီဗွီဘီကို ပြောပါတယ်။
ငွေကြေးထောက်ပံ့ရာမှာတော့ သက်ဆိုင်ရာ ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေအတိုင်း လုပ်ဆောင်သွားဖို့ ညွှန်ကြားပေးထားပါတယ်။
မွန်ပြည်နယ်မှာတော့ ပုံမှန်ဝင်ငွေ မရှိတဲ့ အခြေခံလူတန်စား ၁ သိန်းကျော်အတွက် ငွေကျပ် ၂ ဘီလီယံကျော် ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။