Home
မြန်မာသတင်း
သင်္ဃန်းကျွန်း၌ ပိုးတွေ့ လူနာ ၃၆ ဦးထပ်တိုး၊ ၄ ခုမြောက် ကွာရန်တင်းစင်တာဖွင့်ရန်ပြင်
ညီငယ်
·
September 25, 2020
ရန်ကုန်တိုင်းထဲက ပိုးတွေ့အများဆုံးမြို့နယ်ဖြစ်တဲ့ သင်္ဃန်းကျွန်းမြို့နယ်ထဲမှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၃၆ ယောက်ထပ်တိုးလာပြီး နေ့စဉ်ကူးစက်ခံလူနာတွေရှိနေပါတယ်။
ပိုးတွေ့လူနာတွေနဲ့ အနီးကပ်ထိတွေ့သူတွေကိုထားဖို့ လက်ရှိဖွင့်ထားတဲ့ ကွာရန်တင်းစင်တာ ၃ ခုနဲ့ မလုံလောက်တော့တာကြောင့် ၄ ခုမြောက် ကွာရန်တင်းစင်တာကို အခုရက်ပိုင်းအတွင်း ထပ်ဖွင့်ဖို့စီစဉ်နေကြောင်း သင်္ဃန်းကျွန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က ပြောပါတယ်။ ကူးစက်ခံလူနာ နေ့စဉ်ရာချီရှိလာတဲ့ ရန်ကုန်တိုင်းအတွင်းအနေနဲ့ Community Base Quarantine Centre တွေကို မြို့နယ်အလိုက်ဖွင့်လာကြပြီး၊ ကူးစက်ခံလူနာတွေ နေ့စဉ်တိုးလာတာကြောင့် စင်တာတွေအရေအတွက်တိုးချဲ့ဖို့လည်း မြို့နယ်ကိုဗစ်ကော်မတီတွေက ပြင်ဆင်နေ ကြပါတယ်။ သင်္ဃန်းကျွန်းမြို့နယ်မှာတော့ ဆရာအတတ်သင်ကျောင်း၊ ဆောက်လုပ်ရေးသင်တန်းကျောင်းနဲ့ မနေ့က အသစ်ဖွင့်တဲ့ သုဝဏ အ.ထ.က စတဲ့နေရာ၃ခုမှာ ကွာရန်တင်းစင်တာ ဖွင့်လှစ်ထားပြီး၊ လူဦးရေ ၃၃၀ လောက် အသွားအလာကန့်သတ်ထားပါတယ်။ ဒါပေမဲ့ ထပ်တိုးလူနာသစ်တွေရှိနေတာကြောင့် သူတို့နဲ့ အနီးကပ်ထိတွေ့သူ(Close Contact) တွေကိုထားဖို့ လိုအပ်တာကြောင့် သင်္ဃန်းကျွန်းမြို့နယ် သုနန္ဒာလမ်းမှာရှိတဲ့ အ.ထ.က(၂) ကို ကွာရန်တင်းစင်တာအဖြစ် အခုရက်ပိုင်းမှာဖွင့်ဖို့ ပြင်ဆင်နေတာလို့ ပြောပါတယ်။ သင်္ဃန်းကျွန်းပိုးတွေ့လူနာသစ် ၃၆ ယောက်ထဲမှာ အတည်ပြုလူနာတွေနဲ့ ထိတွေ့ရာက ပိုးကူးစက်ခံရတဲ့ အနီးကပ်ထိတွေ့သူတွေ အများစုပါသလို အနံ့ပျောက်ရာကနေ ပိုးတွေ့ရှိထားသူတွေလည်း ပါဝင်ပါတယ်။ သင်္ဃန်းကျွန်းမြို့နယ်ဟာ ပိုးတွေ့အများဆုံးမြို့နယ်ထဲမှာပါဝင်ပြီး စက်တင်ဘာ ၂၄ ရက်နေ့ ညနေပိုင်းအထိ ပိုးတွေ့လူနာ ၄၉၈ ယောက်ရှိပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024