ပေါင်မြို့နယ်က ၁၅ နှစ်အရွယ် ယောကျ်ားလေး ၁ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ
DVB
·
September 25, 2020
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ထန်းပင်ချောင်ကြီးကျေးရွာက အသက် ၁၅ နှစ်အရွယ် ယောကျ်ားလေး ၁ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့တယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။
ပေါင်မြို့နယ်၊ ထန်းပင်ချောင်ကြီးကျေးရွာမှာ စက်တင်ဘာ ၂၄ ရက် မနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တဲ့ အသက် ၁၅ နှစ်အရွယ် ယောကျ်ားလေးမှာ အရေးပြားနဲ့လေးဘက်နာ ရောဂါအခံရှိပြီး မော်လမြိုင် Fever clinic လာပြရင်း အခုလို စစ်ဆေးတွေ့ရှိခဲ့တာလို့ သိရပါတယ်။
ထန်းပင်ချောင်ကြီးကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က "စျေးကိုတော့ တကယ် တမ်းမပိတ်သေးပါဘူး။ လောလောဆယ်မှာတော့ ခဏထိန်းချုပ်ထားတဲ့သဘောပါ။ အဓိကကတော့ ကျန်းမာရေးဝန်ကြီး ဌာနကထုတ်ပြန်ထားတဲ့အတိုင်း စနစ်တကျသွားလာဖို့အတွက်ပါ။ စျေးလာဝယ်တဲ့ သူတွေကလည်း အရင်လို တနေ့တခါမဝယ်ဘဲ တစ်ခါဝယ်ရင် ၃ ရက် ၄ ရက်စာဝယ်ပေးကြဖို့ ဒီနေ့လိုက်လံကြေညာထားပါတယ်။ မလိုအပ်ဘဲအိမ်အပြင်မထွက်စေချင်ဘူး။ ကျနော်တို့ရွာမှာက ခေါင်းရွက်ဗျက်ထိုး စျေးသည်ကများတယ်။ ပေါင်မြို့ပေါ်က လာရောင်းတဲ့ စျေးသည်တွေက များပါတယ်" လို့ ပြောပါတယ်။
ထန်းပင်ချောင်ကျေးရွာမှ ဒေသခံမမိချိုက "စျေးကိုပိတ်ထားလိုက်ရင်တော့ အစ်မတို့အတွက် အခက်အခဲက သိပ်မရှိနိုင်ပါဘူး။ အနည်းဆုံး ၁ လစာလောက် ဖူလုံနိုင်ပါတယ်။ ရွာထဲမှာ သတင်းထွက်နေတာက စျေးပိတ်လိုက်ပြီဆိုတော့ ကြောက်ကြတာပေါ့။ အခုကိုယ့်ရွာထိတောင် ရောဂါပိုးကရောက်လာပြီလေ အရင်ထက်အများကြီးဂရုစိုက်ရမှာပေါ့" လို့ ပြောပါတယ်။
ပေါင်မြို့နယ်၊ ထန်းပင်ချောင်ကြီးကျေးရွာမှာ အိမ်ခြေပေါင်း ၁၃၀၀ ကျော်၊ လူဦးရေစုစုပေါင်း ၉၀၀၀ ကျော်နေထိုင်ကြပြီး မနက်ပိုင်းစျေးကို နေ့စဉ် မနက် ၅ နာရီမှ ၉ နာရီအထိ စျေးရောင်းချကြတယ်လို့ သိရပါတယ်။
သတင်း-ယူမင်းစိုး၊ ဓာတ်ပုံ -ဟံသာဆာန်